မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်”ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင်မော်တော်ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီး

Wednesday, January 5, 2022 - 14:45

 

နေပြည်တော်၊ ဇန်နဝါရီ ၅

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်”ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင် မော်တော် ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းအတွင်း၌ ကျောင်းထိုင်ဆရာတော် ဥူးဉာနိက သက်တော် (၄၄)နှစ် (၂၁) ဝါ (ဘ)ဦးဉာဏ်မြင့်သည် ကျောင်းနေသံဃာများဖြစ်သည့် ဥူးအိန္ဒြိရ သက်တော်(၇၃)နှစ် (၇) ဝါ (ဘ)ဦးချစ်ထွေး၊ အရှင်ဇာနိတ္တရ သက်တော်(၁၂)နှစ် (ဘ)ဦးမြင့်အောင်၊ အရှင်တေဇနိယ သက်တော်(၁၀)နှစ် (ဘ)ဦးမြင့်အောင်၊ အရှင်ဝိမလ သက်တော်(၁၁)နှစ် (ဘ) ဦးမြတိုးနှင့် အာဂန္တုဆရာတော်ဖြစ်သည့် ပေါက်မြို့နယ် စခန်းလှကြီးကျေးရွာဘုန်းကြီးကျောင်းမှ ဥူးဝိမလ သက်တော်(၆၀)နှစ် (၁၉) ဝါ (ဘ)ဦးထွန်းစိန်၊ စိုကန်ကျေးရွာနေ မောင်ထွေးလင်း (၂၇)နှစ် (ဘ)ဦးမြတိုးတို့နှင့်အတူ ရှိနေစဉ် မြိုင်-ကမ္မကားလမ်းအတိုင်း ဆိုင်ကယ်များမောင်းနှင်လာသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်သည် သေနတ်များကိုယ်စီ ကိုင်ဆောင်ထားပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဆဲဆိုအော်ဟစ်ဝင်ရောက်လာခဲ့ပါသည်။

            ထိုသို့အကြမ်းဖက်သမားများ ဝင်ရောက်လာစဉ် ကျောင်းထိုင်ဆရာတော် ဥူးဉာနိကသည် ကိုရင်ငယ်လေးများအား ခေါ်ဆောင်ကာ အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ လွတ်မြောက် နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။

            အကြမ်းဖက်သမားများသည် ကျောင်းဝင်းအတွင်းဝင်ရောက်လာပြီး ကျောင်းတိုက်ဘေးတွင် ရပ်တန့်ထားသည့် ဘုန်းကြီးကျောင်းပိုင် Mark II မော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့် ပစ်ခတ်ပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း လက်လုပ်မိုင်း ၂ လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိခဲ့သဖြင့် အကြမ်းဖက်သမားများမှာ သိမ်ကျောင်းအတွင်း ထပ်မံဝင်ရောက်၍ သိမ်ကျောင်းအတွင်းကျန်ရှိနေသည့် အာဂန္တုဆရာတော် ဥူးဝိမလထံမှ လက်ကိုင်ဖုန်း ၂ လုံးအား လုယက် ယူဆောင်ကာ မြိုင်-ကမ္မကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။

            အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့မှုကြောင့် ဘုန်းကြီးကျောင်းပိုင် MARK II မော်တော်ယာဉ်၏ ယာဘက်နောက်ဘီးအပေါ် ကိုယ်ထည်၌ ကျည် ၂ ချက်ထိမှန် ပျက်စီးခဲ့ပြီး ယာဉ်၏ ဝဲဘက်အခြမ်း မြေကြီးပေါ်၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့ပါသည်။

            ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်ရန်ပြု မည်ကို စိုးရွံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်(၃)ပါးတို့အား ပြန်လည်ရှာဖွေကာ အာဂန္တုဆရာတော်နှင့်အတူ လုံခြုံစိတ်ချရသည့်နေရာသို့ ပင့်ဆောင်သီတင်းသုံး စေလျက်ရှိပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ကာ  ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။