နေပြည်တော်၊ ဇန်နဝါရီ - ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းစစ်ဌာနချုပ်တို့ရှိ အစည်းအဝေး ခန်းမများ၌ ယနေ့တွင် ပြုလုပ်ကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြ သူများက ပြည်နယ်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။