တပ်မတော်စွမ်းရည်သတ္တိ နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု
နေပြည်တော်၊ ဇန်နဝါရီ ၄
တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေး သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေ စည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော် စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်သည် နိုင်ငံသား တိုင်း၏ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့သမိုင်းပေးတာဝန်များကို ရဲစွမ်း ပြောင်မြောက်သည့် သူရသတ္တိများနှင့် မိမိ တို့၏အသက်ခန္ဓာကို စတေးခံပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့လွတ်လပ်ရေးနေ့ အခါ သမယရောက်တိုင်း ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များ၊ မျိုးဆက်သစ် တပ်မတော်သားများ အနေဖြင့်လည်း အားကျအတု ယူစေရန်ပင်ဖြစ်ကြောင်း၊
တိုင်းပြည်တစ်ခုအတွက် ကိုယ်ပိုင်လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆိုသည် မှာ အလွန်အရေးကြီးသည့်အရာများပင်ဖြစ်ကြောင်း၊ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြသူများအတွင်း၌ မျိုးချစ်တိုင်းရင်းသားပြည်သူများ သာမက ရဟန်းသံဃာများအထိ ပါဝင်ခဲ့သည်ကိုအားလုံးသိရှိပြီးဖြစ်ကြောင်း၊ နှစ်ပေါင်း များစွာကြာမြင့်ခဲ့သော်လည်း ၎င်းတို့၏နာမည်များသည် “အာဇာနည်မျိုး သေရိုးမရှိ” ဟူ သည့်အတိုင်း ယနေ့တိုင် မြန်မာ့သမိုင်းမှတ်တမ်းတွင် မော်ကွန်းထိုးထားဆဲဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါ်ပေါက်ခဲ့သည့် ခေတ်သစ်မြန်မာ့တပ်မတော်သည် “ရဲသော်မသေ သေသော်ငရဲမလား” ခံယူချက်နှင့်အညီ အာဇာနည်ထုံးနှလုံးမူပြီး သူရဲကောင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့ကြောင်း၊ ထိုကဲ့သို့မျိုးချစ်သူရဲကောင်းများ ၏ အမည်နာမများသည် မည်သည့်အခါမျှ တိမ်မြုပ်ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ခေတ်အဆက်ဆက် အမိမြန်မာနိုင်ငံတော်ဆိုသည့် ပန်းဥယျာဉ်ကြီးအတွင်း၌ ထာဝရ သင်းပျံ့နေမည်ပင်ဖြစ်ကြောင်း။
အမိနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်စွာလုပ်ကိုင်စားသောက် လိုသူများ ပင်ဖြစ်ကြ ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုလုံခြုံအောင် ကာကွယ်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက် နေခြင်းသည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှ ဖြစ်ပေါ်လာခဲ့ သည့် နိုင်ငံရေးမသမာမှုဖြစ်သော မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်က (၂၀၀၈ ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်း ပေးခဲ့ရသည်မှာ ယခုဆိုပါက ၁ နှစ် သက်တမ်းပြည့်မြောက်တော့မည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ် ပြီး နိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွင်း၌ ချမှတ်ထားသည့် “ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟူသည့်အချက်သည် တပ်မတော်အနေဖြင့် အမျိုးသား နိုင်ငံရေးနှင့် ပတ်သက်လာပါက ငြိမ်းချမ်းရေးကို မည်မျှအလေးထားသည်ကို ဖော်ပြ နေခြင်းပင်ဖြစ်ကြောင်း။
အများသူငါလုပ်ဆောင်နိုင်ရန်ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူများအတွက် တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို မင်္ဂလာတရားတော်နှင့်အညီ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယတွင် ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အခက်အခဲကိုအမှုမထားဘဲ အသက်စွန့်လွှတ်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့်သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်ဓာတ် များဖြင့် တာဝန်ထမ်းဆောင်မှုတို့အတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားလိုကြောင်း။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည့် အခမ်းအနား၌ သရေစည်သူဘွဲ့ရရှိသူ ၁ ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦးတို့ကို ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၆ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမ)ဆင့်ရရှိသူ ၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၂ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ရရှိသူ ၄၀ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၈၂ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွား မည်ဖြစ်ကြောင်း။
မျိုးဆက်သစ်များအနေဖြင့် ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရပျို့လာ “ရဲရေး ရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘာန်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင် တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟူသည့် စိတ်များဖြင့် အသက်ခန္ဓာ နှင်းအပ်ကာ ရည်မှန်းချက်တာဝန်များကို မတွန့်မဆုတ် ကျေပွန်အောင်ထမ်းဆောင် ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၏ ယုံကြည်ချက်ခံယူချက်ကောင်းများကို အားကျအတု ယူကာ နိုင်ငံတော်က အားကိုးရပြီး၊ ပြည်သူလူထုကလေးစားအားထားရသည့် မျိုးချစ် တပ်မတော်သားကောင်း ဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ ဒုတိယတပ်ကြပ် ၂ ဦး၊ တို့အားလည်းကောင်း၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမအဆင့်) ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၂ ဦးတို့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲ ကောင်း လက်မှတ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးတို့အား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးတို့အားလည်းကောင်း ဆုတံဆိပ်နှင့် လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေ ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူ များအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၊ သီဟ သူရဘွဲ့ရရှိသူ ၅၀ ဦး၊ သူရဘွဲ့ရရှိသူ ၅၄၆ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၉၈၇ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၁၉၀၁ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။