ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော နှစ်ဦးတရားအလှူတော် ဓမ္မပူဇာ ပထမနေ့တရားပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ - ၂

Sunday, January 2, 2022 - 14:45

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော နှစ်ဦးတရားအလှူတော် ဓမ္မပူဇာ ပထမနေ့တရားပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော နှစ်ဦးတရားအလှူ တော်ဓမ္မပူဇာ ပထမနေ့တရားပွဲကို ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

          အဆိုပါ ဓမ္မပူဇာတရားပွဲ ပထမနေ့၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဉက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတတိက၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ နှစ်ဦးတရားအလှူတော်မင်္ဂလာကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆရာတော်ဟောကြားတော်မူသည့် ရတနာ့ သုတ်တရားတော်များကို နာယူကြသည်။

          ထို့နောက် ဆရာတော်ကြီး၏ ဓမ္မပူဇာတရားအလှူတော်ငွေများကို ဝန်ကြီးချုပ် က တိုင်းဒေသကြီးသာသနာရေးမှူးထံ ပေးအပ်လှူဒါန်းသည်။

          နှစ်ဦးတရားပွဲကို ဇန်နဝါရီ ၁ ရက်တွင် ဗန်းမော် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ ဇန်နဝါရီ ၂ ရက်တွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဇန်နဝါရီ ၃ ရက်တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တို့က နှစ်ဦးတရားတော်များကို ညစဉ် ၇ နာရီတွင် ဟောပြောမည်ဖြစ်ပြီး SKYNET ရုပ်သံလိုင်း၊ BUDDHA Channel နှင့် မဟာဗောဓိရုပ်သံလိုင်းများမှ LIVE ထုတ်လွှင့် ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။