ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့ နေရပ် အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

Thursday, December 30, 2021 - 15:15

 

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှ စတင်၍  KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး အတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည် ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဒီဇင်ဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့ တွင်နေထိုင်သူ အမျိုးသား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး၊ စုစုပေါင်း ၄၃၈၈ ဦးတို့ သည် ၎င်းတို့ နေရပ်သို့ အသီးသီး ပြန်လည် ဝင်ရောက်လာကြောင်း သိရှိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက် စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက် များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။