တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ နေပြည်တော် ဒီဇင်ဘာ၂၇

Monday, December 27, 2021 - 13:45

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ၂၇

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ တက်ရောက် ကြသည်။

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည်  ပညာရေးအဖွဲ့အစည်းအဝေး ကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ သက်ဆိုင်ရာဌာနမှူးများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၂ ဦး၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ ၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ) ၇ ဦး၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၅ ဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ၅ ဦး၊ ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ ၂ ဦး စုစုပေါင်း ၇၅ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရ သူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီးသူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၅ ဦးအား အဝေးရောက်ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ ဘွဲ့နှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့် ‌ဆေးဘက် ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှ စတင်၍ ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၄ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄၁ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၄၂၀ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ ၁၈၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာအသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာဒီပလိုမာဘွဲ့ ၁၆ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှု ဒီပလိုမာဘွဲ့  ၂၂ ဦး၊ ခွဲစိပ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့၃၂၁၆ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့  ၂၁၃ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာသိပ္ပံဘွဲ့ ၆၂၆ ဦး စုစုပေါင်း ၅၁၄၀ ဦးတို့အား ဘွဲ့များအပ်နှင်းပေးခဲ့ပြီးဖြစ်သည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေး ဆိုင်ရာ နည်းပြအရာရှိများ နိုင်ငံတကာအဆင့်မီအတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့ အတွက် သင်တန်းသူတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူရှစ်ဦးတို့အား သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပြီး အဆိုပါသင်တန်းသူ ၁၃ ဦးအားအဆိုပါ တက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့်အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ဆေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပ နိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ရာ ခြောက်ဦးအောင်မြင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Air Langer University တွင် သူနာပြုဘွဲ့လွန်သင်တန်းကို နှစ်ဦးတက်ရောက်အောင်မြင်ခဲ့ကြောင်း သတင်းရရှိ သည်။