တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသော အဖျက်အမှောင့်သမားများက တုတ်၊ ဓား၊ လေးခွများဖြင့် လာရောက်ပစ်ခတ်နှောင့်ယှက်မှုကြောင့် မန္တလေးမြို့တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်သား ၁ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

Sunday, February 14, 2021 - 17:30

 

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၄

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ် လျက်ရှိပြီး ဆူပူဆန္ဒပြသူများတွင် တည်ငြိမ်အေးချမ်းစွာဆန္ဒပြသူများနှင့်အတူ အဖျက် အမှောင့် ဖြစ်စေလိုသောစိတ်ဖြင့် အကြမ်းဖက်ဆန္ဒပြသူများပါဝင်နေသဖြင့် မိဘ ပြည်သူများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရေး တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရပ်ရွာလုံခြုံရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးတို့အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်အနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ အား တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသော အဖျက်အမှောင့်သမားများက ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များကိုလိုက်နာခြင်း မရှိဘဲ လူစုလူဝေးပြုလုပ်ကာ တုတ်၊ ဓား၊ လေးခွများကိုင်ဆောင်၍ လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော် သား ၁ ဦးတွင် ဝဲဘက်မျက်လုံး လေးခွထိမှန်ကာ မျက်ကြည်လွှာပျက်စီး(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည်။

အလားတူ အောင်မြေသာစံမြို့နယ်၊ နှင်းဆီအိမ်ယာတွင် လုံခြုံရေးဆောင်ရွက် လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် စံပယ်အိမ်ရာ ကွပ်ကဲမှုရုံးသို့ လုံခြုံရေးအရ သွားရောက်ပူးပေါင်းရန် ကမ်းနားလမ်းအတိုင်းထွက်ခွာလာစဉ် မင်းတဲအီးကင်းရပ်ကွက်၊ မင်္ဂလာရဲညွန့်ဓမ္မာရုံ  အနီးသို့အရောက်၌ တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသော အဖျက်အမှောင့်သမားများက ရပ်ကွက်လုံခြုံရေးဆောင်ရွက်နေသည်ဟု အကြောင်းပြပြီး ဓမ္မာရုံအတွင်း ဖမ်းဆီးခေါ်ဆောင်၍ ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။ ထိုသို့ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများက သွားရောက် ခေါ်ဆောင်ခဲ့ရာ အဆိုပါရဲတပ်ဖွဲ့ဝင်မှာ ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဖူးရောင် ပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်မေ့မျောလျှက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ ဒဏ်ရာရရှိခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍လိုအပ်သည့်ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။