နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့် မြန်မာ့အမျိုးသားလေကြောင်း လိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီး လွိုင်ကော်လေဆိပ်သို့ ယနေ့နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်အတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ပြည်သူလုထု အကာအကွယ်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ခရီးသည် ၆၄ ဦး တင်ဆောင်လာသော မြန်မာ့အမျိုးသားလေကြောင်း လိုင်းမှ လေယာဉ် တစ်စီးသည် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာခဲ့ပြီး နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် လွိုင်ကော်မြို့ အနောက်ဘက် ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဘာဒိုကျေးရွာ၏အနီးနှင့် သင်္ချိုင်းကုန်း နေရာတို့မှ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် လေယာဉ်ကွင်း၏ အရှေ့နှင့် အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦနှင့် လေယာဉ်တို့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါလေယာဉ်မှာ ခရီးသွားပြည်သူ ၃၈ ဦးအား ပြန်လည်တင်ဆောင်၍ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်း အဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာခရီးသွားလာလျက်ရှိသော အများ ပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ချေမှုန်းလျက်ရှိကြောင်း သတင်း ရရှိသည်။