ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ပလ္လင်တော်အပိုင်း ၁ နှင့်အပိုင်း ၄ တို့ကို ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

Sunday, February 14, 2021 - 17:15

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်း များကို Modular  Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေ သို့ ပို့ဆောင်လျက်ရှိရာ ဒုတိယအကြိမ်အဖြစ် ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ဇန်နဝါရီ ၉ ရက်နေ့တွင် ဆီမီးခုံဆိပ်ကမ်းမှ ပင့်ဆောင်ပူဇော်ခဲ့ပြီး တည်ထားကိုးကွယ် မည့် မင်္ဂလာနေရာသို့

ယနေ့နေ့လယ်ပိုင်းတွင်ရောက်ရှိခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင် တော်အပိုင်း ၁ နှင့် အပိုင်း ၄ အစိတ်အပိုင်းများအားကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း နှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြို့နယ်သံဃနာယက ဥက္ကဌဆရာတော်အမှူးပြုသော သံဃာတော် အရှင် သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်နှင့် မေတ္တာပို့လင်္ကာ များကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့်အပိုင်း ၄ တို့ကို  ဒက္ခိဏသီရိမြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဦးဆောင်၍ တက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့်အပိုင်း ၄ တို့ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက်ပင့်ဆောင် တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာ ဘာ၀နာပွားများပူဇော်ခဲ့ကြပြီး အခမ်းအနားအောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ မှာအလေးချိန် ၆၅၅ တန် နှင့်အပိုင်း ၄ မှာအလေးချိန် ၆၇၀ တန်ရှိပြီး ဒုတိယအကြိမ်အဖြစ်ကြိုဆိုပင့်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်း များကို ဆက်လက် ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။