နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်ဖြစ်သဖြင့် နောက်လိုက် ကောင်းများဖြစ်လာစေရေး သင်တန်းများတွင်
စနစ်တကျဖြင့်လေ့ကျင့်ဆောင်ရွက်ရန်ပေးရန်လို
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်ဖြစ်သဖြင့် နောက်လိုက် ကောင်းများဖြစ်လာစေရေး သင်တန်းများတွင် စနစ်တကျဖြင့်လေ့ကျင့် ဆောင်ရွက်ပေး ရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားပေးနေသူ နည်းပြများအနေဖြင့် သင်တန်းသားများ အား အရေအတွက်ထက် အရည်အချင်းပြည့်ဝစေရေး လေ့ကျင့်ဆောင်ရွက်၍ စစ်သား ကောင်းဖြစ်အောင်လေ့ကျင့်ပေးရန်လိုကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေး အဓိကထား လေ့ကျင့် ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တို့မှ ကျောင်းအုပ် ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများနှင့် သန္ဓေ အရာရှိများအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်ဆေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့် သန္ဓေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်နှင့် တပ်မတော်လေ့ကျင့် ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့က ၁၉၉၉ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ အရာရှိများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန်ထမ်း ဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ပြောကြားရာ၌ တပ်မတော်တွင် လေ့ကျင့်ရေးသည်အရေးကြီးကြောင်း၊ စွမ်းရည်ထက်မြက်ရေးအတွက် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးနှင့်အုပ်ချုပ်ရေး စွမ်းရည်တို့ဖြစ်ကြောင်း၊ အသိပညာနှင့်အတတ်ပညာများ ပေါင်းစပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး တွေးခေါ်ကြံဆမှုများဖြင့် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ စစ်တက္ကသိုလ်နှင့်တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) တို့သည် စစ်ဘက်ခေါင်းဆောင် များကို တိုက်ရိုက်မွေးထုတ်ပေးပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည့် တက္ကသိုလ်များသည်သက်ဆိုင်ရာဘာသာရပ်များ တတ်ကျွမ်းသည့် စစ်ဘက်ခေါင်း ဆောင်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းများတွင် စစ်ပညာများ သင်ကြားပေးလျက်ရှိသကဲ့သို့ အတန်းပညာများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော်တက္ကသိုလ်များနှင့် ပြင်ပတက္ကသိုလ်များသည် သင်ကြားရေးနှင့်ပတ်သက်၍ ကွာခြားမှုများရှိကြောင်း၊ ပြင်ပတက္ကသိုလ်များသည် မိမိကိုယ်တိုင်လေ့လာမှုများကို ဆောင်ရွက်၍ လက်တွေ့လေ့ကျင့်ခန်းများကို ကိုယ်တိုင်တွေးခေါ်မှုနှင့်ဆောင်ရွက်ပြီး စာမေးပွဲဖြေဆိုမှုများကိုပြုလုပ်ရကြောင်း၊ တပ်မတော်တက္ကသိုလ်များသည် ဘာသာရပ် များအလိုက် အချိန်ပြည့်သင်ကြားသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျက်မှတ်ရသည်များရှိသကဲ့သို့ ဖတ်ရှုလေ့လာရသည်များလည်း ရှိကြောင်း။
ချွေးထွက်များမှ သွေးထွက်နည်းမည်ဖြစ်သဖြင့် မိမိတို့လေ့ကျင့်မွေးထုတ်ပေး လိုက်သည့် အနာဂတ်ခေါင်းဆောင်များအား လေ့ကျင့်သားပြည့်ဝပြီး တပ်မတော်က အားကိုးအားထားရသူများ ဖြစ်လာစေရန် စနစ်တကျလေ့ကျင့်ပေးရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဆင့်အလိုက် သင်ကြားပေးလိုက်သည့် ဘာသာရပ်များအား အမှန်တကယ် တတ်ကျွမ်းပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရေး လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်မှန် ကန်ကန်ဖြင့် လေ့ကျင့်သင်ကြားပေးရန်လိုပြီး အသေးအဖွဲ့မှအစဂရုစိုက်ရန်လိုကြောင်း၊
သင်တန်းသားများ၏ လေ့ကျင့်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေအတွက် ထက် အရည်အချင်းပြည့်ဝမှုရှိစေရေးဦးစားပေး လေ့ကျင့်သင်ကြားပေးနေရန်လို ကြောင်း၊ သင်တန်းသားနှင့်နည်းပြအချိုးကို မျှတအောင်ဆောင်ရွက်ပေးပြီးဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးရာတွင် အရည်အချင်းပြည့်ဝသူများ မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ Guardian စနစ်ဖြင့် အဆင့်ဆင့်ကြပ်မတ် ကွပ်ကဲ၍ သင်တန်းသားများ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်စေရေး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့အတူစာပေပညာရပ်များ သင်ကြားပေးရာတွင်လည်း သက်ဆိုင်ရာ ဘာသာရပ်များ အလိုက်အမှန်တကယ်တတ်ကျွမ်း၍ ထူးချွန်သူများဖြစ်အောင် သင်ကြားပေးရန်လို ကြောင်း၊ သင်တန်းသားတစ်ဦးချင်း၏ အနေအထားကိုသိရှိရန် လိုပြီးလိုအပ်ချက်၊ အားနည်းချက်များကိုဖော်ထုတ်၍ ဖိဖိစီးစီးသင်ကြားလေ့ကျင့် ပေးခြင်းဖြင့် အမှန် တကယ် အရည်အချင်းရှိသည့် သင်တန်းသားအရာရှိများကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ထိုသို့မွေးထုတ်ပေးနိုင်ရန်အတွက်လည်း အရည် အချင်းပြည့်ဝသည့် နည်းပြ များကို ရွေးခြယ်ခန့်အပ်ထားခြင်းဖြစ်သဖြင့် မိမိတို့ဖြတ် သန်းလာရသည့် ဘဝအတွေ့အကြုံ၊ တတ်ကျွမ်းထားသည့် ဘာသာရပ်များအလိုက် စာပေပညာရပ်များ ကို အသုံးချ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင်ပြည်သူများလိုလားသည့် ပါတီစုံဒီမိုက ရေစီလမ်းကြောင်းပေါ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့်အညီ လျှောက် လှမ်း ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်သည် ပြည်သူများမှ ဆန္ဒမဲ ပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် မျက်ကွယ် ပြုနေ၍မရကြောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီအစိုးရသက်တမ်းများတွင် တပ်မတော်အနေဖြင့် ဥပဒေအရပေးအပ်ထားသောတာဝန်များကို အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ အနိုင်ရပါတီ၏လုပ်ဆောင်ချက် များသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် မိမိအနေဖြင့် ဒီမိုကရေစီ တွင် စည်းကမ်းတကျရှိရန်နှင့် တရားမျှတမှုရှိရန်အကြိမ်ကြိမ်တိုက် တွန်းပြောကြားခဲ့ ကြောင်း၊ သို့သော် ရွေးကောက်ပွဲကျင်းပရာ၌ ကြိုတင်မဲပေးခြင်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်မှုများမရှိသည်ကို သိရှိခဲ့ရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ခဲ့သည်ကို အချို့သောပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ ၏ ပြောကြားချက်အရသိရှိခဲ့ရကြောင်း၊ မဲစာရင်းများအား ပြန်လည်စိစစ်ခဲ့ရာ မဲစာရင်း မှားယွင်းမှုကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ အား မဲစာရင်းမှားယွင်းမှုများအတွက် ဖြေရှင်းပေးရန်အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော် အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်အားထမ်းဆောင်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၍ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ဆောင်ရွက်ပြီး နိုင်ငံတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရ၏လက်တွေ့ကျသော ရည်ရွယ်ချက်နှင့် လက်ရှိ လုပ်ဆောင်နေမှုသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများခန့်အပ် တာဝန်ပေးဆောင်ရွက်ရာတွင်လည်း အရပ်သားများကိုသာ ဥပဒေနှင့်အညီအတွေ့ အကြုံရှိပြီး အရည်အချင်းပြည့်ဝသူများကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အားအရေးအပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော် လည်း ဒီမိုကရေစီနည်းလမ်းအရသာ ဥပဒေနှင့်အညီဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက်ရာတွင်လည်း အမုန်းတရားများမဖြစ်ပေါ်စေရန်နှင့် သွေးထွက် သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ် ပြီးတရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်အတတ်နိုင်ဆုံး မဲစာရင်းမှား ယွင်းမှုမရှိစေရေးနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊ မသာမာသည့်နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဆန္ဒမဲပေးခွင့်ရှိ သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက် ဆောင်ရွက်လျက် ရှိရာ ယခုအချိန်အထိ ၂၅ ရာခိုင်နှုန်း ခန့်သာပြီးစီးသေး၍ ၎င်းလုပ်ငန်းစဉ်ကို ပြည်သူ လူထု တစ်ရပ်လုံး ကဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီအရဆောင်ရွက်ရာတွင် အချို့သောအဖွဲ့အစည်းများသည် အကြမ်း ဖက် ဆောင်ရွက်မှုများရှိကြောင်း၊ မြန်မာနိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက် စပ်နေသောအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ခွဲခြားကြည့်ပါက လွပ်လပ်ရေးကာလမှ ၂၀၁၁ ခုနှစ်မတိုင်မီအချိန်အထိ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ အယူဝါဒများအရ သဘောထား တိုက်ဆိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်ဆောင်ရွက်ခဲ့သည့် တိုင်းရင်း သားအဖွဲ့များရှိကြောင်း၊ ၎င်းတို့အဖွဲ့များထဲမှ အချို့အဖွဲ့များအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ် ရေးထိုးထားကြသူများဖြစ် သဖြင့် ၎င်းတို့နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးနည်းလမ်းအရ ဆွေးနွေးဆောင်ရွက် နေသည့်အဖွဲ့များဖြစ်ကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်ဒီမိုကရေစီအသွင်ကူးပြောင်းပြီး နောက်ပိုင်းတွင် အချို့သော တိုင်းရင်းသားအဖွဲ့များသည် ဒီမိုကရေစီကိုမျက်ကွယ်ပြု၍ လက်နက်ကိုင် ဆောင်ရွက်လာကြကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိကြောင်း၊ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများအား မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရန်မရှိကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူများကို ကိုယ်စားပြုသည့်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော် လည်းပါတီအချို့အနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း၊ အစုအဖွဲ့ လိုက် ထောက်ခံသူပြည်သူများကို ပါတီများကသာကိုယ်စားပြုပြီး ပုဂ္ဂလိကအနေဖြင့် ကိုယ်စားပြုမှုမရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူများကိုကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကိုမျက်ကွယ်ပြု၍မရဘဲ အရေး ယူရန် ရှိသူများကို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ ရှိ၍မရကြောင်း၊ ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဥပဒေနှင့်အညီသာအရေးယူ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး မိမိတို့ အနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။