နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၂၁) သို့တက်ရောက် အမှာစကားပြောကြား

Wednesday, December 22, 2021 - 16:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၂၁) သို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၂

          အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်က ယနေ့အစည်းအဝေးမှာ လာနီညာဖြစ်စဉ်၏ နောက်ဆက်တွဲသဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စ၊ နွေရာသီအပူချိန်မြင့်တက် ပြင်းထန်မှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စ၊ မိုးကြိုကာလလေးပြင်း မုန်တိုင်းကျရောက်နိုင်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ များအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြရန် ဖြစ် ကြောင်း။

ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုများနှင့်အတူ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုများပြားလာခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်း တို့သည် ထူးခြားဖြစ်စဉ်များ မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစား လာရ သည့်  သဘာဝဘေး အန္တရာယ်များ ဖြစ်လာနေသည်ကို မြင်တွေ့သိရှိရကြောင်း။

ထို့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များ၏ ပြုပြင် ပြောင်းလဲလာသော  သဘောသဘာ၀များ၊ ပြင်းထန်အား၊ ဖျက်ဆီးအားများကို မျက်ခြေမပြတ်လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြု ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်လျှင် အစဉ်အမြဲ နိုးနိုးကြားကြားရှိနေရန်၊ ရင်ဆိုင်တုံ့ပြန် နိုင်ရေး အဆင့်သင့်ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများနှင့်  ရေရှည်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ရင်းနှီးဆောင်ရွက်ရန်လိုအပ်ကြောင်း။

မိမိတို့နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ပထဝီဝင်အနေအထားနှင့် ယခင်က ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တစ်နိုင်ငံလုံး ဖြစ်ပွားနိုင်သည့်  သဘာဝဘေး အန္တရာယ်များနှင့် နေရာဒေသပေါ်မူတည်၍ ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ရာသီကာလအလိုက် ဖြစ်တတ်သော ဘေးအန္တရာယ်များ၊ အချိန်အခါမရွေး၊ နေရာ ဒေသမရွေး ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ခွဲခြားသိရှိနိုင်ရန် ဒေသအလိုက် မည်သည့်အချိန်တွင် မည်သို့သောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ် လာနိုင်သည် ဆိုသည်ကို  ကြိုတင်မှန်းဆပြီး ကြိုတင်ပြင်ဆင်မှုများနှင့် ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမြဲ အဆင်သင့် ဖြစ်နေ စေရေး ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

ရာသီကာလအလိုက် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက် ၍ အနီးစပ်ဆုံးဖြစ်သည့် ယခုကာလကို ကြည့်မည်ဆိုလျှင် ဆောင်းရာသီ ဖြစ်သည့် အတွက်သဘာဝဘေးဖြစ်ပွားမှု နည်းပါးနိုင်သည့် ရာသီကာလ ဖြစ်သော်လည်း နိုဝင်ဘာ ၂၀ ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လာနီညာ အခြေအနေ သတင်းထုတ်ပြန်ချက်များ တွေ့ရှိရမှုနှင့် နိုင်ငံတကာ မိုးလေဝသ ဌာန များ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလတွင် အားအနည်းငယ်မှ အားအသင့် အတင့် ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ လာနီညာဖြစ်စဉ်သည်  ပစိဖိတ် သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်  ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနေ ဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း များ ပိုမိုဖြစ် ပေါ်နိုင်ခြင်း၊ အရှေ့မြောက်မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူ ချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ် ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတု ဖြစ်စဉ် များဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရကြောင်း။

ထို့ကြောင့် ယခုကာလသည် သာမာန်အားဖြင့် သဘာဝဘေး ဖြစ်ပွားနိုင်မှု နည်းပါးနိုင်သည်ဆိုသော်လည်း လာနီညာဖြစ်ပေါ်နိုင်သော အခြေအနေပေါ်မူတည်၍ မထင် မှတ်ထားသည့် ဘေးအန္တရာယ်များ လည်းဖြစ်ပေါ်နိုင်သည့်အတွက် လာနီညာ ဖြစ်ပေါ်နိုင်သည့် အနေအထား နှင့်ဆက်စပ် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ရန်၊ ကြိုတင်ခန့်မှန်းချက်များ၊ သတိ ပေးချက်များကြိုတင်ထုတ်ပြန်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။

အလားတူ ဆောင်းရာသီကာလသည် အပူချိန်လျော့နည်း သော်လည်း ခြောက်သွေ့သော  အနေအထားမျိုးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကိုလည်း သတိပြု ရမည့် ကာလဖြစ်ကြောင်း၊ နွေရာသီနှင့်လည်း ဆက်စပ်သွားမည် ဖြစ်သည့်အတွက် ယခုအချိန် ကာလတွင် မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်သည် အိုးအိမ်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ပြည်သူလူထုအတွက် နိုင်ငံ ဆုံးရှုံးနစ်နာမှု ပိုမိုများပြားတာကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးဘေးအန္တရာယ်နှင့် ပတ်သက် ပြီး ပြည်သူ လူထုအသိပညာ ပေးမှုများ၊ ရပ်ရွာအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်မှု များတိုးမြှင့်ဆောင်ရွက်ရန် မီးငြှိမ်းသတ်ရေး ကြိုတင် စုဖွဲ့ပြင်ဆင်မှုများ၊ ပစ္စည်းကိရိယာ၊ ယာဉ်ယန္တရားစသည် လိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသများ၏ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ထားကြ ရမည်ဖြစ်ကြောင်း။

နွေအကုန်နှင့် မိုးဦးရာသီကာလများတွင် လေပြင်းတိုက်ခတ်မှုများ၊ပုံမှန် ဖြစ်ပေါ် နေပြီး ရံဖန်ရံခါတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်း ထန်ခြင်းနှင့် အတူ မိုးသီး ကြွေမှုများ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နှစ်စဉ်လေပြင်း ဘေးကြောင့် အိုးအိမ် ပျက်စီး မှုများ အများဆုံးဖြစ်ကာ ပြည်သူလူထုအပေါ် တိုက်ရိုက်ထိခိုက်ပြီး အထူးသဖြင့် နွမ်းပါးသည့်  မိသားစုများအပေါ် သက်ရောက်မှု ပိုမိုများပြားသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်  လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍လည်း ကြိုတင် ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း။

အနှစ်ချုပ်မည်ဆိုရင် ယခုဆောင်းရာသီကာလ၊ နွေရာသီကာလနှင့် မိုးဦးရာသီ များတွင် သာမန်အားဖြင့် ဖြစ်ပေါ်တတ်သည့် အအေးလွန်ကဲသော  အန္တရာယ်၊ မီးဘေး အန္တရာယ်၊ လေပြင်းဘေး အန္တရာယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင်ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့်မထင်မှတ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်းမျက်ခြေမပြတ် ဆန်းစစ်လေ့လာ ပြင်ဆင်ရန် လိုကြောင်း၊ ကြိုတင်ခန့်မှန်းသိရှိနိုင် ခြင်းမရှိဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ် နိုင်သော  ငလျင်ဘေး အန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အတွက်လည်း အမြဲ အဆင် သင့် ဖြစ်နေရန်လိုကြောင်း၊ တာဝန်ရှိသူ အားလုံးအနေဖြင့်  အချိန် တိုင်း သတိ၊ အသိ၊ နိုးကြားမှုနှင့် လှုပ်ရှား ဆောင်ရွက်မှုများရှိနေရန် လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို  တစ်ဦးချင်း ဆောင်ရွက်ရမည့်လုပ်ငန်း အဖွဲ့အစည်း နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို နှောင့်နှေး ကြန့် ကြာမှုများမရှိစေဘဲ တက်ညီလက်ညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ကြရန် ပြောကြားလိုကြောင်း။

          ထို့ပြင် သဘာ၀ဘေးလျော့နည်းရေးလုပ်ငန်းများကို ပြည်သူလူထုမှအစ အားလုံး နှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နားလည် သဘောပေါက်ပြီး လူမှုရေး အဖွဲ့အစည်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအပါ အဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါ၀င်လာစေရန်လည်း စည်းရုံးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့တွင် ယခင်အတွေ့အကြုံများစွာရှိပြီးဖြစ်၍ အားနည်းချက်များ၊ လိုအပ် ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ဆောင်ရွက်ချက်များသည်  သဘာဝဘေး ကြောင့် ထိခိုက် ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရေး အလေးထားကာ အားလုံး ပူးပေါင်း အကောင်အထည် ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း။

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ်များ ဖြစ်လာမှသာ ရင်ဆိုင်တုံ့ပြန် ဖြေရှင်းဆောင်ရွက်ကြသည်  ထက် ဖြစ်ပေါ်လာနိုင်သော သဘာ၀ဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေး မှန်းဆ ကာ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ပြင်ဆင်မှုများကို ဖြစ်နိုင်သ မျှသော နည်းလမ်းများနှင့် စီမံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုထက် ပိုမို အလေးထား ဆောင်ရွက်သွားရန်လိုအပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်၊ မူဘောင်များ၊ သဘောတူညီချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရန်၊ နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာအသုံးပြု ဆောင်ရွက် ကြရန် ပြောကြားလိုကြောင်း။

နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ မူလလုပ်ငန်း တာဝန် များကို သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ ကဏ္ဍအလိုက် ပါဝင် ဆောင်ရွက်ကြရန်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် လည်း မိမိတို့ဒေသ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လုံခြုံမှုရှိစေရေးနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားသည့် ရပ်ရွာအသိုက်အဝန်းဖြစ်စေရေး စီမံဆောင်ရွက်ကြရန်  တိုက်တွန်းပြောကြားလိုကြောင်း၊  ဆောင်ရွက်သွားမည့်အစီ အမံ များ၊ ဆောင်ရွက်လိုသည့်လုပ်ငန်းများ၊ ဆောင်ရွက်သင့်သည့် အကြံပြုချက် များနှင့် အခြားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်သော  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  လုပ်ငန်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က  သဘာဝဘေးအန္တရာယ်  ဖြစ်ပွားမှုများနှင့် ဆက်စပ် အစည်းအဝေး ကျင်းပခဲ့မှုများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်း အဝေး(၁/၂၀၂၁)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်  စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြ၍ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြု ချက်ကို ရယူသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း ၍ သက်ဆိုင်ရာ ကဏ္ဍာများအလိုက် ရှင်းလင်းတင်ပြကြသည်။    

ထို့နောက် စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာ သက်သက်ခိုင်တို့က အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးကြသည်။

ယင်းနောက် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၂၁)အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူသည်။     

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြ ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြေရှင်းပေးပြီး နိုင်ငံတော်အဆင့် လာနီညာနောက်ဆက်တွဲ ဖြစ်စဉ်၊ နွေရာသီအပူချိန်မြင့်တက်ပြင်းထန်မှု၊ မီးဘေးအန္တရာယ်နှင့် မိုးကြိုကာလ လေပြင်းမုန်တိုင်းတိုက်ခိုက်မှု နောက်ဆက်တွဲဖြစ်စဉ်များအပေါ် သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံချက်ပါအတိုင်း နိုင်ငံတော်အဆင့် Working Group Level မှစ၍ Table Talk Exercise ကို စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် Working Group Level Exercise ပြီးပါက ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အဆင့်အထိ  ဆက်လက်ဆောင်ရွက် ခြင်းဖြင့် ပြည်သူတစ်ရပ်လုံးပါဝင်လာသည့် ဒေသအလိုက် သဘာဝဘေးအန္တရာယ် ကာကွယ် ရေးနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး လေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက် ကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။