အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ ၂၁ ရက်
အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများကို မကြာမီ စတင်တော့မှာ ဖြစ်၍ အာဆီယံသာမက မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်းများရရှိအောင် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ဘာသာရပ်အလိုက် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာတွင် နိုင်ငံတကာ သဘောတူညီ ချက်များ၊ မိမိနိုင်ငံ၏ ဥပဒေများကို ကြေညက်ပိုင်နိုင် ကျွမ်းကျင်သူများကိုသာ တာဝန်ပေးအပ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယနေ့ ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အတွက် ညှိနှိုင်းထားရှိသည့် ကိုးကားစာတမ်း တွင် ပါဝင်သည့် နယ်ပယ်များနှင့် ယင်းစာတမ်းနှင့်စပ်လျဉ်း၍ နှစ်ဖက်သဘောတူညီမှု ရရှိရန် ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည့်ကိစ္စများနှင့် ၂၀၂၂ ခုနှစ်အတွင်း စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်မည့် လုပ်ငန်းများ၏ အစီအစဉ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကိုယ်စား ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာဌာနများက မိမိတို့ ဘာသာရပ်အလိုက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် စေ့စပ် ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဉီးသန်းအောင်ကျော်တို့က ပြန်လည်ဆွေးနွေးခဲ့သည်။
အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ရပ်တည်လျက်ရှိပြီး၊ ကနေဒါမှာ အာဆီယံ၏ (၁၅) နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများထဲတွင် အဆင့် (၂၆) တွင် ရှိပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိ သည်။ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၅၈ သန်း ရှိပြီး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် အဆင့် (၁၆) တွင်ရှိသည်။
အစည်းအဝေးသို့ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်တွင်ပါဝင်မည့် နယ်ပယ်များနှင့်သက်ဆိုင်သည့်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။