မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် စားသောက်ဖွယ်ရာ များပေးအပ်

Sunday, February 14, 2021 - 03:30

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ လည်းကောင်း အသီးသီးတွေ့ဆုံ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများနှင့် Mask များ ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နှင့် မိတ္ထီလာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် အလှူရှင် တစ်ဦးက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။