တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

Monday, December 20, 2021 - 14:45

တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၀

တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီးခွန်ထွန်းလှိုင် နှင့် တပ်မတော်ဆေးတက္က သိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ ခေတ္တ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခေတ္တ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာ ခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ခေတ္တ ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ခေတ္တပါမောက္ခချုပ်ကဆေးပညာဘွဲ့ ၃၃ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ခြောက်ဦး၊ စုစုပေါင်း ၃၉ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရသူများအား ဘွဲ့များ နှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ခေတ္တကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး နောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်း သဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာ သိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ဆေးလက်တွေ့ နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၁၈၉ ဦးတို့အားဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိဆေးပညာ မဟာသိပ္ပံ ဘွဲ့လွန် သင်တန်းအမှတ် စဉ်(၂၆)တွင် သင်တန်းသားအရာရှိလေးဦး၊ အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ၁၆၇ဦး၊ အမှတ်စဉ်(၂၈) တွင် သင်တန်းသားအရာရှိ ၂၃၂ ဦး၊  အမှတ်စဉ်(၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းသားအရာရှိ ၇၀၇ ဦး သင်တန်းတက်ရောက် နေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည် ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)ဆေးတက္ကသိုလ်(၂)ရန်ကုန်၊  ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ် များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူး ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။