စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် စုဝေးနေသော အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

Monday, December 20, 2021 - 14:30

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် စုဝေးနေသော အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

               စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက် သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရသည်။   

        

            ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက် သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမား ခေါင်းဆောင်အချို့ပါဝင်သည့် အင်အား ၁၀၀ ဦးခန့်သည် ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို တည်ငြိမ်အေးချမ်းမှုကို လိုလားသော ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက်သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အစည်းအဝေး ပြုလုပ်သည့်နေရာအား မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာ၏ အရှေ့တောင် ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

               လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူနှင့် ၎င်းတို့၏နေအိမ် အဆောက် အဦများ ထိခိုက်မှုမရှိစေရေး သတိပြုရှောင်ရှားဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်စဉ်တွင် ကျေးရွာသူ/ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သမား ၄ ဦးအား အသေ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ တစ်လုံးထိုးသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၂၃ လုံး၊ လက်လုပ်မိုင်းကြီး ၃ လုံး၊ အမ်-၂၂ ကျည် ၄၄၄ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၉ တောင့်၊ လျှပ်စစ်ဒီတိုနေတာ ၃၅၀ ချောင်း၊  ယမ်းကြိုးခွေ ၃ ခွေ၊ ယမ်းမှုန့် ၄ ပိဿာ၊ လက်လုပ်သုံးချောင်းထောက်စင် ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

               အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။