နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃
ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါ သတ်မှတ်ချက်များအတိုင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံချက်ထုတ်ပေးခြင်းနှင့် ကုသပေးခြင်းများကို တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ရာ ထားဝယ်လေဆိပ်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်၍လည်းကောင်း၊ တာချီလိတ်လေဆိပ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍လည်းကောင်း၊ လားရှိုး လေဆိပ်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍လည်းကောင်း လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားရောက်မည့် ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို ထားဝယ်တပ်နယ်မှ ဆေးအဖွဲ့က နယ်မြေခံတပ်နယ်ခန်းမ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ခရီးသွားရောက်မည့် တိုင်းရင်းသားပြည်သူများအား COVID-19 ကမ္ဘာ့ကပ်ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများကို တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ ကူညီစစ်ဆေးပေးခြင်း၊ COVID-19 ရောဂါပိုးမတွေ့ရှိသူများကို ဆေးစစ်ချက်ထောက်ခံစာထုတ်ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌လည်း ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။