သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၈

Saturday, December 18, 2021 - 14:45

သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

         ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ၊ သီရိမင်္ဂလာကုန်းမြေ ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ဖြစ်သည့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိပိဋကရွေးခြယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ(သ.စ.အ ဓမ္မာစရိယဝဋံသကာ) ပါဠိပါရဂူ၊ ဗဟန်းညောင်တုန်းကျောင်းတိုက်နာယကဆရာတော်နှင့် အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဗဟန်းညောင်တုန်းကျောင်းတိုက်နာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံ ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်  လှူဖွယ်ပစ္စည်း များအား ဗဟန်းညောင်တုန်းကျောင်းတိုက်နာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်း ကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဓမ္မဒူတ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက သမိုင်းဝင် ဆံတော်ရှင်ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြ ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်း အနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့က မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော်အား ကိုးချက်ထိုးခတ်ပူဇော် ၍ မေတ္တာပြုသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီး၏ ဧည့်သည် တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပူဇော်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အဆိုပါ  သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးသည် ကရဝိက မင်းကြီး ဟံသာဝတီထီးနန်းစိုးစံတော်မူစဉ် တည်ထားကိုးကွယ်တော်မူသည့် စေတီတော် (၇)ဆူအနက် စတုတ္ထမြောက်တည်ထားသည့် စေတီတော်ဖြစ်ပြီး သာသနာသက္ကရာဇ် ၁၄၈၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၃၀၇ ခုနှစ်တွင် ဘုရားတည်ပြီးစီးခဲ့ကြောင်း၊ ကျိုက် သည် ဘုရား၊ ဒေး သည် ကုန်း၊ ဝိ သည် သဖန်း ဖြစ်သဖြင့် သဖန်းကုန်းဘုရားဟု အဓိပ္ပါယ် ရကြောင်း၊ သာသနာတော်သက္ကရာဇ် ၁၉၇၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၇၈၈ ခုနှစ် ဗညား ဓမ္မရာဇာမင်း လက်ထက်တွင် ပထမအကြိမ် ဉာဏ်တော် ၅ တောင်ငုံ၍ ၇၅ တောင်အဖြစ် ပြုပြင်မွမ်းမံပူဇော်ခဲ့ကြောင်း၊ သာသနာတော် သက္ကရာဇ် ၂၁၆၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၉၇၈  ခုနှစ်တွင် အနောက်ဘက်လွန်မင်းတရားကြီးက ပျက်စီးနေ သည့် ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဒုတိယအကြိမ် ဉာဏ်တော် ၅ တောင်ငုံ၍ ဉာဏ်တော်အတောင် ၈၀ ရှိ စေတီတော်ကြီးအဖြစ် ပြုပြင်မွမ်းမံ၍ ရွှေထီးတော်တင်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ငလျင်ဒဏ်နှင့် ဒုတိယ ကမ္ဘာစစ် တို့အတွင်းအကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းခဲ့မှုများဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ခေတ်အဆက် ဆက် ပြုပြင်မွမ်းမံခဲ့ကြကြောင်း၊ ယခုအခါတွင်လည်း စေတီတော်မြတ်ကြီးသည် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တင်ပြလျှောက်ထား၍ ခုနှစ်ရက်သားသမီး စေတနာရှင်အလှူရှင်များ စုပေါင်းပြီး ဘက်စုံပြုပြင်မွမ်းမံခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။