တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်အမှာစကား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

Saturday, December 11, 2021 - 15:30

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်အမှာစကား

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား

       လာမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ယနေ့ထက်တိုင် ကမ္ဘာမှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး တူညီဆန္ဒများဖြင့် ပြည်ထောင်စု အုတ်မြစ်တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုအနှစ်သာရနဲ့ ပြည့်ဝလှတဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဒီနေ့ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးနေကြပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။

       တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ချစ်ကြည်သွေးစည်း မှုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မြဲစေမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှု၊ အနုပညာများ ပိုမိုဖော်ထုတ်နိုင်ဖို့၊ ရပ်ရွာအခြေပြုတိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နှင့် တိုင်းရင်းသားတို့ ၏ နေထိုင်ရာဒေသများမှ ဒေသတွင်းထုတ်ကုန်များ၊ ရိုးရာဝတ်စား ဆင်ယင်မှုများ၊ တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကိုသိရှိစေပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး တော့မှ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပထမ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၁၉)ပွဲတော်ကို ကချင်တိုင်းရင်း သား လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)ပွဲတော်ကို ကယား တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက အဓိကဦးဆောင်ပြီး ပြုလုပ်ခဲ့ ကြပါတယ်။ ယခုတတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (၂၀၂၁) ပွဲတော်ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရတဲ့အ‌ခြေ အနေကြောင့် မြေပြင်တွင် ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ရုပ်သံ ပွဲတော်အဖြစ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ပြီး  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် တိုင်းရင်းသားများရဲ့ ရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အကများနဲ့ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

       နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားညီနောင်များအားလုံး တန်းတူ ခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက် စေဖို့နဲ့ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ စစ်မှန် တဲ့ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၂ မှာလည်း နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်မည်၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး နှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက် မည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။     နိုင်ငံတော်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ် တို့ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေး မှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေး” စတဲ့ အချက်များကိုသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

       နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လိုအပ်ပါတယ်။ ဒါမှသာ မတူကွဲပြားမှု တွေကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာ စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်က ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး(၃)ပါးပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ကျစ်လစ်ခိုင်မာတဲ့ ညီညွတ်တဲ့ စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမှာ ဖြစ်ပါတယ်။  

       နိုင်ငံတော်အစိုးရအနေနဲ့ ကျရောက်လာတော့မယ့် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုသောအားဖြင့် (တစ်) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ် (နှစ်) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ပိုမို ရှင်သန် ခိုင်မာစေဖို့အတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ် တာ၊ တိုင်းရင်းသားများပါဝင်တဲ့ ဖော်ဆောင်ရေးအဖွဲ့များဖွဲ့စည်းတာနဲ့ လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်တာဆိုတဲ့ အဆင့် ၃ ဆင့်ကို ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စရပ်တွေအတွက် တိုင်းရင်းသားပြည်သူ လူထုနဲ့ ပါဝင်ပတ်သက်ရမယ့် အစုအဖွဲ့များအားလုံးထံမှ အကြံပြုချက် များရယူတာ၊ အသိပေးတာ၊ ပညာပေးတာတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

       ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာမှာတော့ သက်ဆိုင်ရာ တိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်နိုင်ရေး ဆောင်ရွက်တာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဆင့်ဆင့်နဲ့ EAO အဖွဲ့များ တိုက်ရိုက်ဆွေးနွေးတာ၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမို ခိုင်မာ အောင် ဆောင်ရွက်တာ၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ် ပြီး ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းလာစေရေး၊ နှစ်ဖက်သဘော တူညီ ချက်များ ရရှိစေရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

       ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ အမြဲပြောဆိုတဲ့စကားရှိပါတယ်။ ဒါကတော့ “ဆန္ဒ”ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကိုလိုချင် တဲ့ စစ်မှန်တဲ့ ဆန္ဒရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်စေလိုတယ်၊ သာယာဝပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက် သာယာ ဝပြောလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေရှိရပါမယ်။ ဒီဆန္ဒ၊ သဘောထားနဲ့ ကျွန်တော်တို့ရဲ့ တစ်ပေါင်းတစ်စည်းတည်း စုပေါင်း ဆောင်ရွက်မှုတွေရှိလာရင် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး အတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူးဆိုတာ ကိုဗစ်-၁၉ ရောဂါတတိယ လှိုင်းကို ကျွန်တော်တို့ ဘယ်လိုကျော်လွှားခဲ့ကြသလဲဆိုတာက ထင်ရှား တဲ့သက်သေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း အမြင့်မားဆုံး အချိန် ဇူလိုင်လမှာ ပိုးတွေ့ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းနီးပါးထိရှိခဲ့တယ်။ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနဲ့ အဖွဲ့အစည်းအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ၃ / ၄ လခန့်အကြာမှာ ပိုးတွေ့ ရာခိုင်နှုန်းဟာ ၂ ရာခိုင်နှုန်းခန့်သာ ရှိပါတော့တယ်။ ဒါဟာ စည်းလုံး ခြင်း၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ လုပ်ဆောင်ခြင်းတို့ရဲ့ လက်တွေ့ရလဒ်ပဲဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့လုပ်ဆောင်ချက်နဲ့ စိတ်ဓာတ်တွေကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရ ပါမယ်။ ဒီကနေတစ်ဆင့် ပြည်ထောင်စုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု၊ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတော် ကို ချီတက်ကြပါမယ်။

       နိုင်ငံတော်၏ အဓိကလိုအပ်ချက်တို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ တိုင်းရင်းသားဒေသများ ဘက်စုံဖွံ့ဖြိုး တိုး တက်လာစေရေးတို့ပဲဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ဒေသ များပါမကျန် အားပေးကူညီ ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းလာမှုများကို ပြန်လည် တည်ဆောက်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ မည်သည့်စီးပွားရေးလုပ်ငန်းရှင်များမဆို တိုင်းပြည်ဖွံဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရေးဟာ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း ဖြင့် ဆောင်ရွက်လို့မရနိုင်ပါဘူး။ တိုင်းရင်းသားပြည်သူများ အားလုံးရဲ့ စုပေါင်းအားနဲ့သာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား

       နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ နိုင်ငံနှင့် တိုင်းရင်းသားများရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တိုင်းရင်းသားများ၏ စုစည်းမှုအားဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့်-

       (၁)  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်း စဉ်များမှာ တိုင်းရင်းသားအားလုံး၊ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ။

       (၂)   နိုင်ငံတော်မှာလိုအပ်လျက်ရှိတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာလာ‌စေရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်း လာစေဖို့အတွက် တိုင်းရင်းသားပြည်သူများအားလုံးက ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါ။

       (၃)  တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံစေရေး အတွက် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။

       (၄)  တိုင်းရင်းသားများရဲ့ မတူကွဲပြားမှုများကို အပြန်အလှန် အသိ အမှတ်ပြု လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။