နေပြည်တော်၊ ဒီဇင်ဘာလ ၉
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့/ညမပျက် ဆောင်ရွက် လျက်ရှိရာ တာဝန်သိပြည်သူ ၁ ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းအရှေ့ရပ်ကွက်၌ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်လျက်ရှိသူ ၁ ဦး ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၃၈ x ၉၀ လမ်း၊ သပြုရပ်စိန်ပန်းအရှေ့ တုန်တုန်စတိုးဆိုင် အနီး၌ ခင်မောင်ထွေး (၃၉)နှစ်၊ ဒေးဝင်းအရှေ့ရပ်နေသူအား ၉-မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်မောင်ထွေး၏ ထွက်ဆိုချက်အရ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော လင်းလင်း(ခ)ဘေကြီး(၃၇)နှစ်အား မဟာအောင်မြေ မြို့နယ်၊ ညောင်ကုန်းရပ်ကွက်တွင် လည်းကောင်း၊ ရဲဝင့်ကျော်(ခ)အသေးလေး (၂၁) နှစ် အား မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တားရပ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံ ရဲဝင့်ကျော် (ခ)အသေးလေး ၏ ထွက်ဆိုချက်အရ ချမ်းမြသာစည်မြို့နယ်၊ (ဆ-၂) ရပ်ကွက်၊ အိမ်အမှတ်(၇၆)တွင် အောင်မြင့်မြတ် (၂၃)နှစ်အား ၉-မမ ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ၉-မမ ကျည် ၁၅၀ တောင့်၊ MG-1 လက်ပစ်ဗုံး ၃ လုံး၊ မိုင်းမျိုးစုံ ၃ လုံး၊ လက်လုပ် မိုင်းမျိုးစုံ ၁၇၇ လုံး၊ မီးရှို့စနက်ကြိုး ၁၀၀ ပေ၊ ယမ်းကြိုး ၁၀၀ ပေ၊ ဒီတိုနေတာ ၂၂၀ ချောင်း၊ ကျည်ကာအခံပြား ၅၀ ပြား၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ၄ ဦးအား ၉-မမ ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ၉-မမ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုင်းမျိုးစုံ ၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၇၇ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်မြင့်မြတ် ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် စောဒေးဗစ်၊ မြောင် PDF အကြမ်းဖက် အဖွဲ့ဝင် ခန့်ဇော်ဦး၊ ကျော်စိုး၊ မြင့်စိုး၊ အားတီ၊ ဖွေးဖွေး(ခ) တင်ဇာခြည်၊ BPO အကြမ်း ဖက်အဖွဲ့ဝင် မင်းထက်ဦး၊ ကျော်ဆန်း တို့မှ ပို့ဆောင် ခိုင်းသော လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ မတ္တရာမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ် တို့တွင် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နှင့် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် ဖမ်းဆီးရန်ကျန် MPO အကြမ်းဖက်အဖွဲ့ဝင် ဘာဟု၊ သီဟ၊ အမရပူရ PDF အကြမ်းဖက်အဖွဲ့နှင့် မတ္တရာ PDF အကြမ်းဖက်အဖွဲ့တို့ထံ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ ခင်မောင်ထွေး ၏ ထွက်ဆိုချက်အရ အောင်မြင့်မြတ် မှ ပို့ဆောင် ခိုင်းသည့် ဖောက်ခွဲရေးပစ္စည်းများအား လင်းလင်း(ခ)ဘေကြီး၊ ရဲဝင့်ကျော်(ခ)အသေးလေး တို့နှင့်အတူ အကြမ်းဖက်သမားများထံသို့ သွားရောက်ပို့ဆောင်ပေးရပြီး ထိုသို့ဆောင်ရွက် ပေးမှုကြောင့် အောင်မြင့်မြတ် မှ လိုအပ်သောငွေကြေးများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် မန္တလေးမြို့အတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက်ဖောက်ခွဲ ရေးလုပ်ငန်းများအား ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ တရုတ်ကြီး၊ နန်းဦး၊ ရှင်းသန့် တို့ ၄ ဦးမှ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အောင်မြင့်မြတ်၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ သုတအောင် ထံမှ အောက်တိုဘာလတွင် ပစ္စတို ၁ လက်၊ ပွိုင့် ၃၈၀ ၁ လက်၊ ပေါင်း ၂ လက်အား ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ်အနီး၊ တရုတ်ဘုံကျောင်းရှေ့၌ သီဟ ထံသို့ ၄၉ သိန်းကျပ်ဖြင့် ရောင်းချခဲ့ပြီး ရရှိငွေများအား အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ စောဒေးဗစ် ထံတွင် အပ်နှံထားခဲ့ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ကိုသဲထံမှ ဩဂုတ်လအတွင်း လက်လုပ်ချိန်ကိုက်မိုင်း ၇ လုံးအား ရရှိခဲ့ပြီး လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးအား စမ်းသပ်ဖောက်ခွဲ၍ ၄ လုံးအား ခင်မောင်ထွေး ထံသို့လည်းကောင်း၊ ကျန် ၂ လုံးအား Speed ထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု (၅)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့သော ပြစ်မှုများအနေဖြင့်-
- ဇွန်လ ၂၆ ရက်တွင် ခင်မောင်ထွေးသည် ဝင်းအောင် နှင့်အတူ အမရပူရမြို့နယ်၊ တောင်မြို့ရပ်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား ဓါးဖြင့် လည်းကောင်း။
- ဇူလိုင်လ ၃၁ ရက်တွင် ခင်မောင်ထွေးသည် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ မြို့ဟောင်းရပ်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား ဓါးဖြင့်လည်းကောင်း။
- အောက်တိုဘာလ ၂၅ ရက်တွင် ခင်မောင်ထွေး၊ အောင်မြင့်မြတ်နှင့် ပြည့်စုံအောင်တို့ ၃ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည် ကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့်လည်းကောင်း။
- နိုဝင်ဘာလ ၅ ရက်တွင် ခင်မောင်ထွေးသည် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း။
- နိုဝင်ဘာလ ၈ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုး တို့နှင့် အတူ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လက်နက်ငယ် ဖြင့်လည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခြင်း (၅)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့သော ပြစ်မှုများအနေဖြင့်-
- စက်တင်ဘာလ ၁၁ ရက်တွင် ခင်မောင်ထွေးသည် ကိုသက် ဦးစီးသည့် GZP အကြမ်းဖက်အဖွဲ့ဝင် ၇ ဦးနှင့်အတူ Light Truck ယာဉ်ဖြင့် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ ကန်တော်ကြီး ပတ်လမ်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လှည့်ကင်းမော်တော် ယာဉ်အား လက်လုပ်ဗုံးဖြင့်လည်းကောင်း။
- စက်တင်ဘာလ ၂၇ ရက်တွင် ခင်မောင်ထွေးနှင့် ကိုဖြိုးတို့ ၂ ဦးသည် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ကညနရုံး အား လက်လုပ်ချိန်ကိုက်ဗုံးဖြင့်လည်းကောင်း။
- နိုဝင်ဘာလ ၂၁ ရက်တွင် ခင်မောင်ထွေး သည် ကိုသက်၊ ကိုဖြိုး တို့နှင့် အတူ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိရပ်ကွက်၊ ရစဖရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် လည်းကောင်း။
- နိုဝင်ဘာလ ၂၄ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုး တို့နှင့် အတူ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်တွင် လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်ပေါ်သို့ လက်လုပ်ဗုံးဖြင့်လည်းကောင်း။
- နိုဝင်ဘာလ ၂၇ ရက်တွင် ခင်မောင်ထွေး၊ ကိုသက်၊ ကိုဖြိုးတို့ ၃ ဦးသည် မဟာအောင်မြေမြို့နယ်၊ ကုန်စိမ်းဈေးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်အား လက်လုပ်ဗုံးဖြင့်လည်းကောင်း ဖောက်ခွဲဖျက်ဆီး မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဆောင်ရွက်နိုင်ရေး BPO အကြမ်းဖက် အဖွဲ့ခေါင်းဆောင် မင်းထက်ဦးမှ အဓိကစေခိုင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရေး အောင်မြေသာစံမြို့နယ်နေ ဖြူပြာကိုမှ ၃၅၀၀၀၀ ကျပ်နှင့် သံဘောစေ့ ၁၀၀ ပါ (၁၀)ဗူး (၄ ဖာ)၊ အောင်မြင့်မြတ်၏ဖခင် ကျော်ဦးမှ ၂ သိန်းကျပ်၊ ပြည်ပနိုင်ငံများရှိ အစွန်းရောက် NLD ပါတီထောက်ခံသူများနှင့် အဖွဲ့အစည်းအချို့မှ လိုအပ်သော ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။