ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ YP စက်သုံး ဆီဆိုင်ရှေ့ သဘာဝဓါတ်ငွေ့ဆိုင်၌ ဂတ်စ်ဖြည့်ရန် စောင့်ဆိုင်းနေသည့် YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လှိုင်သာယာ-ဒဂုံတောင်ပြေးဆွဲသည့် YBS -99 ယာဉ်လိုင်းမှ ဦးမောင်မောင်(၄၈)နှစ် (ဘ)ဦးအောင်သိုက် မောင်းနှင်သော ယာဉ်အမှတ် 9P-1143 ယာဉ်နှင့် အခြား YBS ခရီးသည်တင်ယာဉ်များသည် ဂတ်စ်ဖြည့်ရန် ဧရာဝဏ်လမ်းပေါ် တန်းစီ စောင့်ဆိုင်းနေစဉ် အကြမ်းဖက်သူ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က ကားအနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်မောင်း ဦးမောင်မောင်အား သေနတ်ပြခြိမ်းခြောက်ကာ ယာဉ်တံခါးအားဖွင့်ခိုင်း၍ ယာဉ်ပေါ်သို့ တက်ရောက်လာပြီး အဆိုပါအမျိုးသား ၄ ဦးအနက် ၁ ဦးမှ ကားရှေ့ ခရီးသည်အတက် ခြေနင်းခုံအား သေနတ်ဖြင့် (၁)ချက် ပစ်ခတ်၍ ၁ ဦးမှာ ဓါတ်ဆီပါသည့် ရေသန့်ဗူးအား ယာဉ်ပေါ် လိုက်လံဖြန်း၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ထိုသို့အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ်တွင် ယာဉ်မောင်းအနီး ဒတ်ဘုတ် အနည်းငယ်၊ ယာဉ်၏အလယ်ရှိ ထိုင်ခုံဘေးဆိုပြား ၁ ပေခန့်၊ ယာဉ်နောက် ထိုင်ခုံအရှည်အနီး ကာရံ ထားသည့် ဆိုပြား ၁ ပေခန့်နှင့် ခရီးသည်ဆင်းသည့် အပေါက်အနီး ပလပ်စတစ်ထိုင်ခုံ ၆ လက်မခန့် အနည်းငယ် မီးလောင်ပျက်ဆီးခဲ့ကြောင်းပြီး အခင်းဖြစ်နေရာအနီးမှ THAI ARMS 380 ကျည်ခွံ ၁ ခု နှင့် ရေသန့်ဗူးခွံ ၁ ခု တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ခရီးသည်တင်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ကာ မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။