မြို့နယ်အချို့၌ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှု
နေပြည်တော်၊ ဒီဇင်ဘာ ၅
မြို့နယ်အချို့၌ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာတွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်၊ မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ်တရားရုံးအား CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့် တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၇၀ x ၃၀ x ၁၅ ပေ သွပ်မိုး/အုတ်ကာ ၁ ထပ်အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်အရောက် CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်နက် ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ထန်းတောဦးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ သွပ်မိုး/ထရံကာ/ဝါးကြမ်းခင်း စာသင်ဆောင်အား PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ရာ ညနေ ၅ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ ပရိဘောဂများ၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။