တန့်ဆည်မြို့နယ်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်များက အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အမျိုးသမီး ၂ ဦးအား ရက်စက်စွာမီးရှို့သတ်ဖြတ်

Thursday, December 2, 2021 - 17:30

တန့်ဆည်မြို့နယ်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်များက အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အမျိုးသမီး ၂ ဦးအား ရက်စက်စွာမီးရှို့သတ်ဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၂

             အကြမ်းဖက်သမားများသည် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့်လည်းကောင်း၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျို၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအားအဓိပ္ပာယ်မဲ့ ပြုမူလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။  

ထိုသို့အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၁၂ နာရီ ၅ မိနစ်အချိန်တွင် တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာအတွင်းသို့ ဒေါင့်ကြီးကျေးရွာဘက်မှ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က လက်နက်များကိုယ်စီကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုက်ငွေ(၆၂)နှစ် (ဘ)ဦးဖိုးဆောင်၏ နေအိမ်ခြံဝင်း အတွင်း ဝင်ရောက်ကာ ဦးတိုက်ငွေအား သတ်ဖြတ်ရန်အတွက်ရှာဖွေခဲ့ကြောင်း၊ ဦးတိုက်ငွေအား မတွေ့ရှိရသဖြင့် အဆိုပါခြံဝင်းအတွင်း၌ နေထိုင်ကြသည့် ဦးတိုက်ငွေ၏ ညီမဝမ်းကွဲဖြစ်သူ ဒေါ်တင်ထွေး (၅၅)နှစ် (ဘ)ဦးဘမောင်၏ နေအိမ်အတွင်း ဝင်ရောက်ကာ ဒေါ်တင်ထွေးအပါအဝင် ၎င်းအိမ်တွင် နေထိုင်လျက်ရှိသည့် ဒေါ်တင်ထွေး၏ တူမများဖြစ်သော ဒေါ်ဝင်းမာ (၄၀)နှစ် (ဘ)ဦးကံမြင့်၊ ဒေါ်ရှမ်း(၃၅)နှစ် (ဘ)ဦးကံအေးနှင့် ဒေါ်တင်ထွေး၏မြေးဖြစ်သူ မစနေမ(ခ)မနွယ်ဇင်လင်း(၂၀)နှစ် (ဘ)ဦးမင်းဌေး တို့ ၄ ဦးအား အကြမ်းဖက်သူများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် တစ်ဝင်းတည်းနေ ဦးတိုက်ငွေ၏ အစ်မဝမ်းကွဲတော်စပ်သူ ဒေါ်ခင်နှင်း(၆၅)နှစ် (ဘ)ဦးဘခက်၏ နေအိမ်သို့ ထပ်မံဝင်ရောက်ကာ ၎င်းနေအိမ်တွင် နေထိုင်လျက် ရှိသည့် ဒေါ်ခင်နှင်း၏ ညီမများဖြစ်ကြသော ဒေါ်ခင်တိုး (၅၀)နှစ်နှင့် ဒေါ်ခင်ဝင်း (၄၅)နှစ်တို့ ၂ ဦး အား နေအိမ်အတွင်း ပိတ်လှောင်ကာ ဒေါ်ခင်နှင်း၏ နေအိမ်နှင့် ဦးတိုက်ငွေတို့၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ဒေါင့်ကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

   အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မီးရှို့ခဲ့မှုများကြောင့် ဒေါ်ခင်တိုးနှင့် ဒေါ်ခင်ဝင်းတို့ ၂ ဦးမှာ နေအိမ်အတွင်း မီးလောင်ကျွမ်း၍လည်းကောင်း၊ ဒေါ်တင်ထွေး၊ ဒေါ်ဝင်းမာ၊ ဒေါ်ရှမ်းနှင့် မစနေမ(ခ)မနွယ်ဇင်လင်းတို့ ၄ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ကြပြီး ဦးတိုက်ငွေ ပိုင်ဆိုင်သည့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ၂ ထပ်တိုက် တစ်လုံးနှင့် ဒေါ်ခင်နှင်း ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ ၂ ထပ် နေအိမ်တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

             ထိုကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများအား “သူလျို၊ ဒလန်”ဟုစွပ်စွဲကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ပြုလုပ်လျက်ရှိသဖြင့် ၎င်းအကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။