(၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံ (89th  INTERPOL General Assembly)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်တက်ရောက်သည့်သတင်း (၂၀၂၁ နိုဝင်ဘာ ၂၃ မှ ၂၅ ထိ၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မ

Sunday, November 28, 2021 - 15:45

(၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံ (89th  INTERPOL General Assembly)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်တက်ရောက်သည့်သတင်း

(၂၀၂၁ နိုဝင်ဘာ ၂၃ မှ ၂၅ ထိ၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့)

အင်တာပိုလ်၏ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ပါသည်။

အထက်ပါ (၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံတို့မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန များ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့အကြီးအကဲများဦးဆောင်သည့် အဆင့်မြင့် အရာရှိကြီးများ၊ အင်တာပိုလ်မှ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang အထွေထွေ အတွင်းရေးမှူးချူပ် Mr. Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာမှုခင်း တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံပထမနေ့တွင်  ကမ္ဘာတစ်ဝန်းတစ်နေ့တစ်ခြား ပုံစံမျိုးစုံဖြင့် တိုးတက်များပြား လာသော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှင့် ဆိုက်ဘာမှုခင်းများသည် နယ်နိမိတ် မရှိဘဲ ထိုးဖောက်ဝင်ရောက်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းနိုင်ရေး၊ အဆင့်မြင့်နည်းပညာ အသုံးပြု နိုင်ရေး၊ မှုခင်းသတင်းအချက်အလက်ဖလှယ်ရေးတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် သက်တမ်းကုန်ဆုံးသည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ဒေသဆိုင်ရာကိုယ်စားလှယ် ၁၂ နေရာအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် ခန့်အပ်ခြင်းတို့တွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ညီလာခံဒုတိယနေ့တွင်  WHO ဥက္ကဋ္ဌက   Online မှ မိန့်ခွန်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို ဖြေရှင်းမည့်အစီအမံများ အတည်ပြုခြင်း၊ မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (Federal State of Micronesia) အား အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံအဖြစ်လျှောက်ထားမှုကို လျှို့ဝှက်မဲပေး၍ အတည်ပြုခြင်း၊ အင်တာပိုလ်၏ အုပ်ချုပ်မှုနှင့် သတင်းအချက်အလက် အသုံးပြုမှုပုံစံများ၊ အမှုဆောင် ကော်မတီရွေးချယ်ခန့်အပ်ခြင်း၊ အင်တာပိုလ်မဟာဗျူဟာမူဘောင် ၂၀၂၂-၂၀၂၅၊ (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၁၄ ချက်အား အတည်ပြုခြင်းတို့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ညီလာခံတတိယနေ့တွင် အင်တာပိုလ်နှင့်  ပူးပေါင်းဆောင်ရွက်မည့် အာရပ်ပြည်ထဲရေး ဝန်ကြီးများအဖွဲ့(AIMC)၊ ကမ္ဘာ့တိရစ္ဆာန်များဆိုင်ရာ အဖွဲ့အစည်း(OIE)၊ နိုင်ငံတကာရဲချုပ်များ အသင်း (IACP) တို့နှင့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်းတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ်ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ Mr.KIM Jong Yang အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့အား သီးခြား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ် ရာထူးသက်တမ်းအတွက် အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi အား လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး HE. Mr.Sergey N. Lebedev၊  ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲ အဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန များနှင့် ရဲတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေး၊  မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

(၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံတက်ရောက်၍ အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံမှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။