မြို့နယ်အချို့၌ စာသင်ကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်
နေပြည်တော်၊ နိုဝင်ဘာလ ၂၇
ဧရာ၀တီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဓနိမိုး/ထရံကာမြေစိုက် ၃ ခန်းတွဲ ကျောင်းဆောင်၏ အစွန်းဆုံး အခန်းအား အကြမ်းဖက်သမားများ က မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ မီးရှို့ခဲ့မှုကြောင့် မီးလောင်ကျွမ်းခဲ့သဖြင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်ရှိ ထရံနှင့် ဓနိမိုးအနည်းငယ်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလယ် ရပ်ကွက်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်ပေါက်အရှေ့သို့ ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းဝင်ပေါက်နှင့် ၄ ပေခန့်အကွာ ကျောင်းဝင်းအတွင်း ကွန်ကရစ် လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အလားတူ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ အားကစားနှင့် ကာယ သိပ္ပံကျောင်းအနီး၌ ညနေ ၅ နာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏အနောက်ဘက် အုတ်တံတိုင်းအနီး အပြင်ဘက်တွင် လက်လုပ် အသံဗုံး ၁ လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ ၆ ရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရုံးအဆောက်အဦ၏တောင်ဘက်ပြတင်းပေါက်မှ ဝင်ရောက်ကာ မီးရှို့ထွက်ပြေးသွားခဲ့၍ မီးလောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်း အဖွဲ့က မီးသတ်ယာဉ် ၅ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၅ မိနစ်အချိ်နတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အုတ်ကာ/ကွန်ကရစ်ခင်း/သွပ်မိုး တစ်ထပ် ရုံးအဆောက်အဦ ၁ လုံးနှင့် ရုံးအတွင်းရှိအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းတစ်ဘက် ခြမ်း၌ နံနက် ၈ နာရီ ၃၅ မိနစ်ခန့် တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ မသင်္ကာဖွယ်အထုပ် ၁ ထုပ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် လူနှင့် အဆောက်ဦထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
ထို့အတူ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သစ္စာလမ်းနှင့် ရန်ကင်းလမ်းဆုံ၊ သစ္စာလမ်းပေါ်ရှိ ရန်ကင်းအခြေခံပညာလေ့ကျင့်ရေးကျောင်း အရှေ့၌ နံနက် ၉ နာရီ ၁၀ မိနစ်ခန့် တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါကျောင်းအရှေ့ လမ်းဘေးပလက်ဖောင်းပေါ်တွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်ဦထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား မီးရှို့ဖျက်ဆီးမှု ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။