စစ်ကိုင်း PDF  အကြမ်းဖက်အဖွဲ့ထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်တရားခံများအား မြဝတီမြို့နှင့် မုံရွာမြို့တို့တွင် ဖမ်းဆီးရမိ နေပြည်တော်၊ နိုဝင်ဘာလ ၂၇

Saturday, November 27, 2021 - 15:30

စစ်ကိုင်း PDF  အကြမ်းဖက်အဖွဲ့ထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်တရားခံများအား မြဝတီမြို့နှင့် မုံရွာမြို့တို့တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာလ ၂၇

                NUG အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် နိုင်ငံဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း များ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် PDF အကြမ်းဖက် အဖွဲ့ဝင်များ မြဝတီမြို့နယ်၊ ဝှေ့ရှမ်းကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဝှေ့ရှမ်းကျေးရွာအဝင် စားသောက်ဆိုင် (အမည်မရှိ)တွင် ကျော်ဇေယျာလင်း(၄၁)နှစ်၊ ဝေဖြိုးသန့်(၂၄)နှစ်တို့ ၂ ဦးအား ပွိုင့်-၂၂ ကျည်ဖြင့်ပစ်ရသော ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၅၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

               တရားခံများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်း သယ်ဆောင်သူများ ဖြစ်သည့် စိုးမင်းထွန်း(၃၉)နှစ်၊ သက်မောင်မောင်စိုး(၃၆)နှစ်တို့ ၂ ဦးအား သီရိမြဝတီ ဟိုတယ် အခန်းအမှတ်(၉၀၇)တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ Super Custom အမျိုးအစား အဖြူရောင်ယာဉ်၏ တံခါးနှင့် ဆီတိုင်ကီအတွင်းမှ M-22 ၆ လက်၊ AK-47 ၆ လက်၊ M-16 ၁  လက်၊ ပစ္စတို ၇ လက်၊ ၉ လုံးကျည် ပြောင်းတိုသေနတ်   ၁ လက်၊ ၉ လုံးကျည် ၅ တောင့်၊ ပွိုင့်-၂၂ ကျည် ၃၀၀ တောင့်၊ ပွိုင့်-၃၈ ကျည် ၁၀၀ တောင့်၊ ပစ္စတိုကျည်(၇.၆၅ မမ) ၅၀ တောင့်၊ ၉ မမ ကျည် ၁၅၀ တောင့်၊ ၇.၆၂ ကျည် ၅၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

               တရားခံ စိုးမင်းထွန်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၆ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ “ဒေါ်ညို”ဆီတို့ဟူးဆိုင်အနီး၌ သီဟ(၃၀)နှစ်၊ တနိုင်းကိုကို (၂၂)နှစ်၊ အိတုန်(၁၉)နှစ်တို့ ၃ ဦးအား Bretta USA တံဆိပ်ပါ ပစ္စတို ၁ လက်၊ SIG Sauer တံဆိပ်ပါ ပစ္စတို ၁ လက်၊ Cold တံဆိပ်ပါ လက်လုပ်ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ်သေနတ်ပြောင်းသံပိုက် ၄ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

               တရားခံ တနိုင်းကိုကိုနှင့် အိတုန် တို့ ၂ ဦး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မုံရွာမြို့နယ်၊ နဂါးပိုကျေးရွာအနီး၊ ယာခင်းများအတွင်း၌ PDF အကြမ်းဖက်စခန်းတည်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၂၃ လက်အား သိမ်းဆည်းရမိခဲ့သည်။

             ဖြစ်စဉ်တွင် တရားခံ ၇ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၂၅ လက်၊ လက်လုပ်သေနတ် ၂၃ လက်၊ ကျည်မျိုးစုံ ၈၁၅ တောင့်၊ လက်လုပ်ဗုံး ၂ လုံး တို့အား ဖမ်းဆီးရမိခဲ့သည်။

               တရားခံ စိုးမင်းထွန်း ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၆ ရက်တွင် မူမူ ၏ စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ရန်နိုင်၊ ယာဉ်မောင်း သက်မောင်မောင်စိုး (ခ) ဖိုးထောင် တို့နှင့်အတူ မြဝတီမြို့သို့ လာရောက်ခဲ့ပြီး လေးကေ့ကော်မြို့သစ်တွင် နေထိုင်သော ကိုစော ၏ ချိတ်ဆက်မှုဖြင့် KNLA တပ်မဟာ(၇)တွင် နေထိုင်သူ ကိုတောက် ထံမှ AK-47 ၆ လက်အား လည်းကောင်း၊ ကိုစော ထံမှ M-16 (ပြောင်းတို) ၁ လက်၊ ၉ လုံးကျည်ပြောင်းတိုပစ္စတို ၁ လက်၊ ၉ လုံးကျည် ၅ တောင့်တို့အား လည်းကောင်း၊ မောင်သီ ထံမှ M 22 ၆ လက်၊ Glock ပစ္စတို ၇ လက်နှင့် ပွိုင့်-၂၂ ကျည် ၄၀၀ တောင့်၊ ပွိုင့်-၃၈ ကျည် ၁၅၀ တောင့်၊ ၇.၆၅ ကျည် ၅၀ တောင့်၊ ၉ မမကျည် ၁၅၀ တောင့်၊ ၇.၆၂ AK ကျည် ၅၀ တောင့် (စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ ခဲယမ်းမျိုးစုံ ၆၅၅ တောင့်)တို့အား လည်းကောင်း ဝယ်ယူ၍ စူပါကာစတန်ယာဉ်၏ ဆီတိုင်ကီနှင့် တံခါးချပ်ကာဗာကြားတို့တွင် ထည့်သွင်းခဲ့ပြီး ခဲယမ်းများ ထပ်မံရရှိပါက စစ်ကိုင်းတိုင်း ဒေသကြီး၊ မကျီးပုတ်ကျေးရွာရှိ စစ်ကိုင်း PDF အကြမ်းဖက်အဖွဲ့မှ ကိုစိုင်း ထံ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

               အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။