နေပြည်တော်၊ နိုဝင်ဘာလ-၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် (Arrival)ဗီဇာ စစ်ဆေးရေးရုံးအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဈေးတန်း ရပ်ကွက်ရှိ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှေ့ အာရှလမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် မြန်မာ-အိန္ဒိယနယ်စပ် လူဝင်/ထွက်စစ်ဆေးရေး ဂိတ်ရှိ ဆိုက်ရောက် (Arrival)ဗီဇာစစ်ဆေးရေးရုံးအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးသွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အလျား ၃၀၊ အနံ ၁၀ ပေရှိ RC တစ်ထပ်ဗီဇာစစ်ဆေးရေးရုံး၏ ပြတင်းတံခါးမှန် ၆ ချပ်အား အကြမ်းဖက်သူများက ရိုက်ခွဲဖျက်ဆီးဝင်ရောက်ပြီး ရုံးခန်းအတွင်းရှိ ဖိုင်ဘာခုံများပေါ်သို့ ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီး ခဲ့သဖြင့် ရုံးအတွင်း တပ်ဆင်ထားသည့် ဝိုင်ယာကြိုးများ၊ ဖိုက်ဘာ ထိုင်ခုံ ၄ လုံးနှင့် ဗီနိုင်း ဆိုင်းဘုတ်တစ်ခုတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါစစ်ဆေးရေးရုံးအား ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များနှင့် အညီ မတ်လ ၁၀ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက်ရောက် (Arrival)ဗီဇာစစ်ဆေးရေး ရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။