တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များမှ COVID-19 ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများဆောင်ရွက်

Thursday, February 11, 2021 - 08:30

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

 

ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ၏ COVID-19 ရောဂါ သတ်မှတ်ချက်များအတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းပြီး သက်ဆိုင်ရာ လေဆိပ်များတွင်COVID-19 ရောဂါ ကျန်းမာရေး စစ်ဆေးခြင်း၊ ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်ခြင်းများကို နေ့စဉ် စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံချက်ထုတ်ပေးခြင်းနှင့် ကုသပေးခြင်းများဆောင်ရွက်ခဲ့ရာမှ တာချီလိတ်လေဆိပ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍လည်းကောင်း၊ လားရှိုး လေဆိပ်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ လည်းကောင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ လာရောက် တာဝန်ထမ်းဆောင်မှု မရှိတော့ဘဲ ပျက်ကွက်မှုဖြစ်လာသောကြောင့် စစ်ဆေးပေးရန် အကူအညီလိုအပ်လျက်ရှိကြောင်း သိရှိခဲ့ရသည်။

ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိတို့၏ ပဋိညာဉ် အတိုင်းလိုက်နာ ခြင်းမရှိဘဲ တိုင်းရင်းသားပြည်သူများအပေါ် တာဝန်မဲ့စွာဆောင်ရွက်ခဲ့သော်လည်း ဒေသခံပြည် သူများ ပုံမှန်အတိုင်းခရီးသွားလာနိုင်စေရေးအတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားရောက်မည့် တိုင်းရင်းသားပြည်သူ များအား ကမ္ဘာ့ကပ် COVID-19 ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာ ရေး စစ်ဆေးမှုများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ကူညီ စစ်ဆေးပေးခြင်း၊ COVID-19 ရောဂါပိုးမတွေ့ရှိသူများကို ဆေးစစ်ချက်‌ ထောက်ခံစာထုတ်ပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီး ရှိ တပ်မတော်ဆေးရုံများ၌လည်း ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။