မန္တလေးမြို့တွင် ဆူပူဆန္ဒပြသူများအား ခေတ္တထိန်းသိမ်းထားရာမှ ခံဝန်ကတိဖြင့်ပြန်လည် စေလွှတ်

Thursday, February 11, 2021 - 05:15

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်ကာ လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက်ပိုသော လူစုလူဝေးမပြုရန် တားမြစ် ချက်များ ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ထားသည့် မြို့နယ်များတွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေးမြို့ပေါ်နေရာများတွင် ဖေဖော်ဝါရီ ၉ ရက်က ဆူပူဆန္ဒပြသူများမှ လူစုလူဝေး ပြုလုပ်ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်း များ ဆောင်ရွက်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့သော်လည်း ဆူပူဆန္ဒပြသူ များမှ ပြန်လည်ဆဲဆိုခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ရန်စခြင်းများ ပြုလုပ်လာကြသည်။ ယင်းကဲ့သို့ ပြုလုပ်လာသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှု ဖြိုခွဲရေးလုပ်ငန်းစဉ်များအတိုင်း ဖြိုခွဲကာ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ဆူပူဆန္ဒပြသူများ အနက်မှ ၈၉ ဦးကို ခေတ္တထိန်းသိမ်းထားရှိခဲ့သည်။

အဆိုပါခေတ္တထိန်းသိမ်းထားသူများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့ကာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း ဦးဆောင်သည့်အဖွဲ့များဖြင့် ပုသိမ်ကြီးမြို့နယ်ရဲစခန်းတွင်တွေ့ဆုံပြီး အကြီး အကဲများက သဘောထားကြီးစွာဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သည်များကို ရှင်းလင်းပြောကြား ၍ ခေတ္တထိန်းသိမ်းခံရသည့် ၈၉ ဦးအား ဆူပူဆန္ဒပြမှုများတွင် ထပ်မံပါဝင်မှုမရှိစေရန် ဝန်ခံကတိလက်မှတ်ရေးထိုးကာ သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။