နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀
လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာ အေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည် ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားရှိ ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးတာဝန်များကို နေ့ညမပျက် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ်များထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါဒဏ်ရာရရှိသူများအား မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များရှိ တပ်မတော်ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာ တပ်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိခိုက်ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များအနက် ရဲအရာရှိ ၁ ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းရိုးအတွင်းသွေးခဲခြင်းဒဏ်ရာဖြင့် ပြင်ဦးလွင် တပ်မတော်ဆေးရုံ အရေးပေါ်ဌာနတွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကာ အသက် အန္တရာယ်စိုးရိမ်ရသည့် အနေအထားတွင် ရောက်ရှိနေကြောင်း သိရှိရသည်။ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် တိုင်းပြည်အပေါ်သစ္စာရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦး ဆုံးရှုံးမှုမရှိစေရေး နေ့ညမပျက် ကြိုးပမ်းကုသပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်ငံအဝှမ်း၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ အေးချမ်းစွာဆန္ဒထုတ်ဖော်သူများ ရှိသကဲ့သို့ ဆူပူအကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်နေသည့် အဖျက်အမှောင့်သမားများလည်း ပါဝင်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် သတိပြုကြရန် အသိပေးနှိုးဆော်အပ်ပါသည်။