တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သ

Friday, November 12, 2021 - 15:30

နေပြည်တော်၊ ၁၂-၁၁-၂၀၂၁

      တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ် ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကို Videoconferene စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. CHEN HAI နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသတလျောက် ကိုဗစ်-၁၉  ကာကွယ်ဆေးများထိုးနှံခြင်း၊ အသွားအလာစောင့်ကြည့်ခြင်း နှင့် ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်စေလွှတ်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ကုသမှုများ ရရှိနိုင်ရေး အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊  တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပံ့ပိုးလျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန(Myanmar Center of Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရေး အစရှိသည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး၍ အခမ်းအနားအား ညနေ (၄ ၃၀)  အချိန်တွင် ရုတ်သိမ်းခဲ့ကြပါသည်။

         ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac   အမှတ်တံဆိပ် ကာကွယ်ဆေး (၁)သန်း doses နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံဝယ်ယူထား သည့် vacSino     အမှတ်တံဆိပ် ကာကွယ်ဆေး(၁)သန်း  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၂-၁၁-၂၀၂၁)ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသ ကြီးကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ ယခု ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်း သူများနှင့် အခြားသတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ကာကွယ်ဆေး များကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့်မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၁-၁၁-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၄.၄)သန်းအားထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၉.၃)သန်း နှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ(၅.၁)သန်း ရှိပြီဖြစ်ပါသည်။

 သို့ဖြစ်ပါ၍ (၁၁-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၃.၇) သန်းထိုးနှံပြီးဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်း နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားကြောင်းသိရှိရပါသည်။