ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
နေပြည်တော် နိုဝင်ဘာ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါ ဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ယနေ့နံနက်ပိုင်း နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ( ၅၃ ) ပါတီမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စား ၍ တက်ရောက်သူ အရပ်ဘက် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနှိုင်း အစည်းအဝေးများ၌ မြန်မာနိုင်ငံ နှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက် ပါတီအများစုက ဆွေးနွေးခဲ့ကြသည့်အခြေအနေများ၊ PR စနစ်နဲ့စပ်လျဉ်းသည့် စာတမ်းများကို နိုင်ငံရေးပါတီများမှ ပေးပို့ခဲ့ပြီး ဆွေးနွေးပွဲများပြုလုပ်ခဲ့သည့်အခြေအနေများ၊ နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသည့် မဲများသူ အနိုင်ရသည့်စနစ် FPTP နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR တို့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအထိ မဲများသူ အနိုင်ရသည့်စနစ် (FPTP)ကိုသာ ကျင့်သုံးခဲ့သည့်အခြေအနေများ၊ မဲအများဆုံးရရှိသူ အနိုင်ရသည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ကိုယ်စားပြုခြင်းအခွင့်အရေးနှင့် ပတ်သက်၍ မဲဆန္ဒရှင် များ၏ နစ်နာမှုများဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ အချိုးကျကိုယ်စားပြုခြင်း ဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်း လူတိုင်းသည် ကိုယ်စားပြု ခွင့်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်ပြီး PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ် ဦးရေကိုပါ သတ်မှတ်ပေးခြင်း ဖြစ်သဖြင့် ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်သည့် အခြေအနေများ၊ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများသည်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက် တင်မြှောက်ခံနိုင်မည်ဖြစ်သည့် အခြေအနေများနှင့် PR စနစ်နှင့် ပတ်သက်၍ လူဦးရေအချိုးအစားအလိုက် ညီမျှသောကိုယ်စားလှယ် အရေအတွက်ရရှိခြင်း၊ ပါတီများအနေဖြင့် ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်နိုင်ခြင်း၊ ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီး ပုဂ္ဂလများလည်း အခွင့်အရေးရရှိ နိုင်ခြင်း၊ အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာ ရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အားနည်း သွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများ လျော့ပါး စေ၍ ပြည်သူများ၏ဆန္ဒနှင့် အနီးစပ်ဆုံးညီမျှမှုကို ပေးစွမ်းနိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်းစေနိုင် သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီ အသီးသီးမှ PR စနစ်နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်နေ့တွင် ဒုတိယနေ့ အဖြစ် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။