နေပြည်တော်၊ နိုဝင်ဘာ - ၄
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးအတ္တကို အခြေခံ၍ ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသော အများပြည်သူအား သေကြေထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေရန် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လမ်း/ တံတား ဖောက်ခွဲဖျက်ဆီးမှုများ၊ နိုင်ငံတော်နှင့်ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးဖောက်ခွဲတိုက်ခိုက်ခြင်းများကို အချို့ဒေသများတွင် လုပ်ဆောင်လျက်ရှိရာ ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ယခုအခါတွင်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းများနှင့် အများပြည်သူများ တက်ရောက် ကုသလျက်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများကို မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်၍လည်း ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားလည်ပတ်မှု ယိုယွင်းစေရန် ဦးတည်လုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ ပြည်သူ့ ဆေးရုံသို့ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါ လက်ပစ်ဗုံးသည် ဆေးရုံကျန်းမာရေးဝန်ထမ်းအိမ်ရာရှိ သူနာပြုဆောင်(၆)ခန်းတွဲ လိုင်းခန်းအရှေ့သို့ ကျရောက်ခဲ့ပြီး အကြမ်းဖက်သမား ၂ ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လက်ပစ်ဗုံးမှာ ပေါက်ကွဲမှုမရှိခဲ့သဖြင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 10.74 HAND Grenade စာတန်းပါ M-67 လက်ပစ်ဗုံးဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၄ နာရီခွဲခန့်တွင် PDF အကြမ်းဖက်အဖွဲ့ ၂၀ ဦးခန့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင် ၁ ဆောင်၏ ပြတင်းပေါက်တံခါးများ ပြုတ်ထွက်၍ ကျောင်းဆောင်အုတ်နံရံများ ပြိုကျပျက်စီးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်များအရ အကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စင်တာများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများပုံမှန် လည်ပတ်မှု မရှိစေရန်၊ အနာဂတ် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားပျက်စီးကာ နယ်မြေဒေသ တည်ငြိမ်မှုပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ၎င်းတို့အား ဉပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိဘပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။