နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် တို့အား သွားရောက်ဖူးမြော်ကြည်ညို

Wednesday, November 3, 2021 - 15:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား

နေပြည်တော် နိုဝင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး‌ မောင်မောင်ကျော်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်သို့ သွား ရောက်၍ ဗန်းမော်ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ဗန်းမော်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော် ဆရာတော်ဘုရားကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်တော် ၁၀၀ အိတ်၊ ပဲ ၁၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ် စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည့် အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာ တွင် ပိဋကတ်သုံးပုံ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညိုပူဇော်နိုင်ရေး  နှင့် ခေတ်အဆက်ဆက်မှတ်တမ်းကျန်ရှိစေရေးအတွက် ပိဋကတ်ကျောက်စာများ တည်ထားဆောင်ရွက်မည့် အခြေအနေများ၊ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများသည် ယခင်ကမြန်မာအက္ခရာဖြင့်သာရှိခဲ့သဖြင့် ကမ္ဘာ၌ ပိုမို တွင်ကျယ်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ ရောမအက္ခရာဟုခေါ်သည့် အင်္ဂလိပ်အက္ခရာဖြင့် ဖလှယ်၍ ပုံနှိပ်ထုတ်ဝေနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ ရောမအက္ခရာဟုခေါ်သည့် အင်္ဂလိပ် အက္ခရာ တို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ အား အကွက်ချပုံစံများ၊ ကျောက်စာတိုက်နှင့် ကျောက်စာချပ်နမူနာပုံစံငယ်များဖြင့် တင်ပြ လျှောက်ထားကာ ဆရာတော်ဘုရားကြီးထံမှ လမ်းညွှန်ဩဝါဒကိုခံယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ချမ်းအေးသာဇံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ ရောက်ရှိကြ ပြီး နိုင်ငံတော်ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆရာတော်ကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ ဆွမ်းဆန်တော် ၂၀ အိတ်၊ ပဲ ၅ အိတ်၊ ဆီ ၅၀ ပိဿာ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်း လျှောက်ထားကာ လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားသို့‌ ရောက်ရှိကြရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ကြို ဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီး ပြုပြင်မွမ်းမံထိန်းသိမ်းနိုင်ရေးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုပြီး မင်းတုန်းမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မင်းနေပြည်တော် ဘုရားဖြစ်သဖြင့် ဘုရားဖူးပြည်သူများ စိတ် လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကြီးရှိ ရှေးလက်ရာ တံခါးတော်ကြီးများအား ရှေးမူမပြတ်ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ဥယျာဉ်တော်အတွင်းရှိ သီဟိုဠ် စွယ်တော်ကြုတ်ပုံ အုတ်ပြာဿဒ် တစ်ခုစီအတွင်း၌ ပိဋကတ်သုံးပုံ ကျောက်စာချပ်များအား ဘုရားဖူးလာသူများ စိတ်အေး ချမ်းသာစွာလေ့လာဖူးမြော်နိုင်ရေးအတွက် ဘုရားရင်ပြင်တော်နှင့် ဥယျာဉ်တော်ပတ်လမ်း အား နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောက်စာတိုက် များနှင့် ကျောက်စာချပ်များ၏ သန့်ရှင်းသပ်ရပ်ရေးနှင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင် ရေးအတွက် သန့်ရှင်းရေး ပြန်လည်ပြုလုပ်ရန်လိုပြီး အများပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ကျောက်စာတိုက်နှင့် ကျောက်စာချပ်များကို မှတ်တမ်း စာအုပ်ပြုစု ထားရှိရန်လိုကြောင်း၊ စေတီတော်ကြီး၏ပုံစံငယ်များ အများပြည်သူများ လေ့လာနိုင်ရေး အတွက် ခေတ်မီပုံစံငယ်အဖြစ် ပြန်လည်ပြုလုပ်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားကြီးကို ၁၈၅၂ ခုနှစ်တွင် နန်းတက်သည့် မင်းတုန်းမင်းတရားကြီးက ဦးစီး လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာတော် ရှည်ကြာစွာ တည်တံ့ထွန်းလင်းစေ လိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုသိုလ်တော်မြတ်စွာ ဘုရားကြီး၌ ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ်ရှိပြီး၊ ၁၈၆၈ ခုနှစ်တွင် ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းတစ်ခုလုံးကို ကမ္ပည်းအက္ခရာ တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာချပ် တစ်ချပ်ချင်းစီကို ကျောက်စာရုံများအတွင်း၌ ထားရှိခဲ့ပြီး ယနေ့တိုင်တည်ရှိနေဆဲဖြစ်ကာ ကျောက်စာချပ်များသည် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်းနှင့် ကုသိုလ်တော် မြတ်စွာဘုရားကြီးနှင့် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ကျောက်စာချပ် များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ခေတ်အဆက်ဆက် စနစ်တကျပြုပြင် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် သတင်းရရှိသည်။