ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်
နေပြည်တော်၊ အောက်တိုဘာ ၃၀
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်များစွာမီးလောင်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များသည် တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြလျက်ရှိကြသည်။ အဆိုပါ သတင်း များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေ ၅ နာရီတွင် ယခုကဲသို့ ဖြေကြားခဲ့ပါသည်-
အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ကျွန်တော်တို့ပြောပြောနေတဲ့ ပြည်ဖျက ်မီဒီယာတွေကနေ ဖော်ပြနေတာတွေ့ရတယ်။ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်နေတာကို တွေ့ရပါတယ်။ ဖြစ်စဉ်က မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ ၁၁ နာရီ ၄၅မိနစ် လောက်မှာ ထန်တလန်မြို့မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မြို့တွင်းလုံခြုံရေး လှည့်ကင်းဆောင်ရွက်ပါတယ်။ လှည့်ကင်းဆောင်ရွက်နေတဲ့အခါမှာ ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်၊မြို့လယ်ကို ရောက်မှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်း ၃ လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲလိုပစ်ခတ်လို့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ ပြန်လည်ပစ်ခတ်တဲ့အခါမှာ PDF အဖွဲ့တွေက လူနေအဆောက်အဦတွေကို အကာအကွယ်ယူပြီး ဆုတ်ပြေးတယ်။ နောက်က လိုက်လာလို့မရအောင် အဆောက်အဦ အိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြေးသွားတယ်။ အဲဒီဖြစ်စဉ်မှာ စစ်သည်တစ်ယောက်ကျဆုံးခဲ့တာရှိပါတယ်။ အကြမ်းဖက်အဖွဲ့တွေကို လိုက်ရှင်းပြီး ပြန်လာတဲ့အခါမှာ မီးလောင်နေတာတွေ့လို့ မီးငြှိမ်းသတ်ဖို့ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားခဲ့တယ်။ သွားတဲ့အခါမှာ လူနေ အဆောက်အဦတွေကို အကာအကွယ်ယူပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့်မီးမငြှိမ်းသတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါတွေသည် တပ်မတော်က ဆောင်ရွက်တာတွေမဟုတ်ဘူး။ PDF အကြမ်းဖက်အဖွဲ့တွေက လှည့်ကင်းဆောင်ရွက်နေတဲ့အဖွဲ့တွေကို ပစ်ခတ်တယ်။ ပြီးရင် သူတို့နောက်ကိုလိုက်ရှင်းတဲ့အခါမှာ မီးရှို့ထွက်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ခံအကြောင်းအရင်းတွေပြောရမယ်ဆိုရင် ဒီလ ၂၁ ရက်နေ့မှာလည်း ထန်တလန်နဲ့ ဟာခါး ဆက်သွယ်ထားတဲ့ သီးမြစ်တံတားကို ဗုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ အဓိက ကတော့ ထန်တလန်ကို ဆက်သွယ်ရေးဖြတ်တောက်တာပေါ့။ အဲသီးမြစ် တံတားကို ဘယ်သူတွေ ဗုံးခွဲတိုက်ခိုက်ခဲ့လည်းဆိုတာ ပြောစရာမလိုပါဘူး။ ကြိုတင်ကြံစည်ထားတာပါ။ ပြည်ဖျက်မီဒီယာတွေမှာ Video တွေတက်လာတာ တွေ့လိမ့်မယ်။ အဲလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ဟားခါးကနေ ထန်တလန်ကို မီးငြှိမ်းသတ်ဖို့ မသွားနိုင်ခဲ့တာလည်း ရှိတယ်။ မြို့ထဲမှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ချောင်းမြောင်း ပစ်ခတ်နေတာရှိပါတယ်။ ဒါဟာတမင်သက်သက်အကွက်ချပြီး လုပ်တာလို့ ပြောချင်တယ်။ နောက်တစ်ချက်က ထန်တလန်ရဲ့အခြေအနေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သည် သူ့ရဲ့ ယခင်ရှိပြီးသား လုံခြုံရေးစခန်းတွေမှာပဲ နေထိုင်လျက် ရှိကြပါတယ်။ မြို့ထဲမှာနေတဲ့ သူတွေက ထူးခြားမှုရှိရင် ကင်းလှည့်တာမျိုးပဲရှိတယ်။ အဲဒီ ထန်တလန်မြို့ထဲမှာက PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကပဲ ပြည်သူလူထု ကြားထဲမှာ အဆောက်အဦတွေကြားထဲမှာ ပြည်သူလူထုကို အကာအကွယ်ယူပြီး နေထိုင်နေခြင်းပဲဖြစ်တယ်။ သူတို့ဆုတ်ခွာသွားအခါမှာလည်း ခုနားကလို မီးရှို့ပြီး ဆုတ်ခွာသွားတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ ၃ /၄ ရက်လောက်တုန်းကလည်း NUG အကြမ်းဖက်အဖွဲ့က မီဒီယာတွေကို ထွက်ပြီးတော့ မြဲတမ်းအကြမ်းဖက်လှုံ့ဆော်နေတဲ့ သူတို့ရဲ့ ဝန်ကြီးဆိုတဲ့လူတစ်ယောက်ပြောခဲ့တာရှိတယ်။ သတိထားမိမှာ ဖြစ်ပါတယ်။ သူပြောခဲ့တဲ့စကားအတိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတချို့နေရာတွေမှာဆိုရင် PDF အဖွဲ့တွေအနေနဲ့ လွတ်လွတ်လပ်လပ်သွားလို့ရနေပြီ။ တပ်ကမလွှမ်းမိုးနိုင်တော့ဘူးလို့ ပြောခဲ့တာရှိတယ်။ ဒီစကားတွေကို ထောက်ထားခြင်းအားဖြင့် ထန်တလန်မြို့မှာ ပြည်သူလူထုကို အကာအကွယ်ယူပြီးတော့ အခုလို မီးရှို့ဖျက်ဆီးမှုတွေ လုပ်လာတယ်။ ပြည်သူလူထုကိုအကာကွယ်ယူပြီးတော့ လူသား တံတိုင်းသဖွယ် အသုံးပြုနေတာတွေက PDF အကြမ်းဖက်အဖွဲ့တွေလိုပဲ ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးလိုတာကတော့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ထားတဲ့ ကိစ္စတွေကို ကျွန်တော်တို့အနေနဲ့ သတင်းထုတ်ပြန် ပေးနေတာရှိတယ်။ ခုနောက်ပိုင်းမှာ မြို့ရွာတွေကို ဖျက်ဆီးတဲ့အဆင့်ထိ လမ်းတံတားတွေကိုဖျက်ဆီးတဲ့အဆင့်ထိ မြို့ရွာတွေကို လမ်းတံတားဖြတ်တောက်၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြီးတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ဖြစ်တဲ့ အိုးအိမ်တွေကို သူတို့အကာအကွယ်ရဖို့အတွက် မီးရှို့ဖျက်ဆီးတဲ့ အဆင့်ထိ လုပ်ဆောင်လာကြတယ်ဆိုတာကို သိစေလိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက် လုပ်ရပ်တွေကို ပြည်သူလူထုတွေအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်သွားဖို့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့၊ မိမိဒေသ နယ်မြေအေးချမ်းသာယာလုံခြုံဖို့အတွက် ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။