တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

Tuesday, February 9, 2021 - 17:15

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကုသပေးရန် အခက်အခဲများဖြစ်ပေါ်မှုများကို တစ်ထောင့်တစ်နေရာ မှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာ ၂၁၅၅ ဦး၊ အတွင်းလူနာ ၁၀၂၈ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၈၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၂ ဦး၊ စုစုပေါင်း ၁၂၄ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၂၁ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၁ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိ ရသည်။

ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသိုဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။