ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိ

Tuesday, February 9, 2021 - 16:45

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၉

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ် လာသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များ ထုတ်ပြန် ခဲ့ပါသည်။

ထိုသို့ထုတ်ပြန်ထားသည့် မြို့နယ်များတွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၇၆_၇၈ လမ်းကြားတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဆူပူဆန္ဒပြသူ ၂၀၀၀၀ ဦးခန့် စုဝေးရောက်ရှိခဲ့ပြီး ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ လုပ်ဆောင်သူများကို လူစုခွဲရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့ရာ ဆူပူဆန္ဒပြသူများက ပြန်လည်ဆဲဆိုခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ရန်စ ခြင်းများ ပြုလုပ်လာခဲ့သည်။ ယင်းသို့ ဆဲဆိုရန်စခြင်းများ ပြုလုပ်လာခဲ့သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆန္ဒပြ လူအုပ်ကြီးအား လူစုခွဲဆောင်ရွက်ခဲ့ရာ ဆန္ဒပြသူများအနက် လူအင်အား ၂၀၀၀ ခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲ၊ အုတ်ခဲများ၊ ထိခိုက်ဒဏ်ရာ ရစေနိုင်သော အရာဝတ္ထုများဖြင့် ပြင်းပြင်းထန်ထန် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ပြီး လုံခြုံရေးယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။