နေပြည်တော်၊ အောက်တိုဘာ - ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ်(၂)ပန္နက်တော်တင်မင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတားအမှတ်(၂)ကို ပန္နက်တော်များ ရိုက်သွင်း၍ ပန္နက်တော်မင်္ဂလာတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဗလမင်းထင်တံတားအမှတ်(၂) M2-M3 ပိုင်တိုင်အမှတ်(၁)ကို စက်ခလုပ်နှိပ်၍ (Vibro Hammer) ရိုက်သွင်းပေးပြီး Stand Pipe အား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။
အဆိုပါ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ်(၂)သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း (ကန်ပိုက်တီနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း)ပေါ် တွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်ကာ စုစုပေါင်းတံတားအရှည် ၃၂၁၂ ဒသမ ၀၉၉ ပေ(၉၇၉ မီတာ)ရှိသည်။ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ရေလည်တိုင် နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မ(၈ ဒသမ ၅ မီတာ)၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၃ ပေ ၄ လက်(၁ မီတာ)၊ ရေလမ်းကင်း လွတ်အကျယ် ၃၅၀ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မ(၈ မီတာ)ရှိရာ အဆိုပါတံတားတည်ဆောက်ပြီးပါက ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်စီးဆင်းမှုကို ပိုမိုထိရောက်ကောင်းမွန် စေမည် ဖြစ်ကြောင်း သတင်းရရှိသည်။