တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

Friday, October 15, 2021 - 18:15

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်

ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနက ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍ လက်ရှိလူမှုကွန်ယက်မီဒီယာများတွင် သတင်းများရေးသားဖော် ပြနေမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားထားပါသည်-

“ဒီတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ပတ်သက်ပြီး ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အရ ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်ပြီးတော့ ကန့်သတ်လိုက်တာမှန်ပါတယ်။ အဓိက ကတော့ ကန့်သတ်လိုက်တဲ့ စာထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်အချက်ကတော့ သူ့အနေနဲ့က ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေ၊ တရားမဝင်ထုတ်လွှင့်တဲ့ သတင်းဌာနတွေ၊ ဒါက နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေတဲ့ သတင်းအမှားတွေ၊ လှုံဆော်မှုတွေ ပြုလုပ်လျက်ရှိတယ်။ အဲဒီ သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီးတော့မှ သက်သေများရဲ့ ရုံးရှေ့ထွက်ဆိုချက် တွေကို ထုတ်ပြန်ပြောဆိုလျက်ရှိတယ်။ ဒါကြောင့်မို့ ပိတ်ပင်ရခြင်းဖြစ်တယ်။ အဲလို ထုတ်ပြန် ပြောဆိုတဲ့နေရာမှာ ဘာတွေဖြစ်သလဲဆိုတော့ ဦးခင်မောင်ဇော်ရဲ့ ဆက်သွယ် ပြောဆိုချက်တွေက တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးကို နှောင့်ယှက် မှု(သို့မဟုတ်) ထိခိုက်နာကြင်ဆုံးရှုံးမှု၊ အများပြည်သူတို့ရဲ့ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှုတွေကို ဖြစ်ပေါ်စေတဲ့အတွက် ဒါကို ပုဒ်မ-၁၄၄ အရ တားဆီးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် အနေနဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ ၊ အခြားပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းနဲ့ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း၊ ပြောဆိုခြင်း မပြုလုပ်ရန်ဆိုပြီး အဲဒီပုဒ်မ-၁၄၄ အရ တားဆီးခဲ့ခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာလဲ ဆိုတော့ ကျွန်တော် တို့နိုင်ငံမှာ ခုချိန်မှာ တည်ငြိမ်အေးချမ်းရေး လိုအပ်လျက်ရှိ တယ်။ တည်ငြိမ်အေးချမ်းရေး လိုအပ်လျက်ရှိတဲ့အခါမှာ သူပြောဆိုနေတဲ့ စကားတွေသည် မှန်ခြင်းမှားခြင်းကို မဝေဖန်ပါဘူး။ ကျွန်တော် မနေ့ကလည်း သတင်းမီဒီယာ တော်တော်များများနဲ့ပြောခဲ့တယ်။ သူပြောတဲ့စကားနဲ့ ပတ်သက် ပြီး မှန်ခြင်းမှားခြင်း မဝေဖန်ဘူး။ သက်သေအထောက်အထားတွေ ရှိပြီး ဖြစ်တယ်။တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဟုတ်တယ်၊ မဟုတ်ဘူး အဆက်အစပ်တွေ သိလာလိမ့်မယ်။ သို့သော် ခုချိန်မှာတော့ ဒီစကားတွေသည် နိုင်ငံတော်မှာ အဓိကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက် စေနိုင်တဲ့အတွက် ပုဒ်မ-၁၄၄ အရ ကျွန်တော်တို့ တားမြစ်လိုက်ခြင်းဖြစ်ပါတယ်။”

အလားတူဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာပြောဆိုခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသောကြောင့် ယခုကဲ့လို ပုဒ်မ ၁၄၄ ထုတ်ပြန်ကန့်သတ်လိုက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေသည်ဟု အချို့မီဒီယာများနှင့် အဖွဲ့များက ဝေဖန်မှု များရှိနေတာနှင့်ပတ်သက်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလို ဆက်လက် ဖြေကြားခဲ့ပါသည်-

“မှန်ပါတယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့တာဝန်မှာတော့ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ အရ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနဲ့မဆန့်ကျင်ရင် အကျဉ်း ချုပ်အနေနဲ့ ပြောရရင် (က) လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတယ်၊ (ခ) လှည့်လည်စီတန်းခွင့်၊ ဆန္ဒပြခွင့်ရှိတယ် (ဂ) အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရှိတယ်၊ (ဃ) စာပေနဲ့ယဉ်ကျေးမှုလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ရှိတယ်လို့ ပြဌာန်း ထားပြီးဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမှာက အဲဒီ ဥပဒေပုဒ်မထဲမှာကိုပါပြီးသား နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး(သို့မဟုတ်)ပြည်သူလူထုရဲ့ ကိုယ်ကျင့် တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနဲ့ မဆန့်ကျင်ရင် လို့ပြောပါတယ်။ ခုနကသူတို့ ပြောတဲ့စကားတွေသည် တည်ငြိမ်အေးချမ်းရေးကို အထောက် အကူပြုလား၊ မပြုလားဆိုတာကို သုံးသပ်လို့ရပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ပိုပြီးဆိုးစေမလားဆိုတဲ့ဟာကို သုံးသပ်လို့ရပါတယ်။ ဒါကတော့ ဥပဒေအကြောင်း အချင်းအရာအရ တစ်ရပ်ပေါ့။ နောက်တစ်ခုကတော့ အခြေခံဥပဒေမှာ ခုအချိန်က တပ်မတော်က နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာပြီး တော့မှ နိုင်ငံတော်တာဝန်ကို ရယူထားတဲ့အခြေအနေပဲဖြစ်ပါတယ်။ အဲလို အခြေအနေမျိုးမှာ လိုက်နာရမည့်ဟာတွေ ရှိပါတယ်။ ဒီ ပုဒ်မ-၃၈၁ အရဆိုရင် ကျွန်တော်တို့က နိုင်ငံသားများရဲ့ တရားဝင်ရပိုင်ခွင့်နဲ့ နစ်နာချက်များကို ဥပဒေနဲ့ သတ်မှတ်ထားတဲ့ ရယူပိုင်ခွင့်သည် ကန့်သတ် လို့ရတာတွေရှိတယ်။ အဲဒါတွေက ဘယ်အချိန်လဲဆိုတော့ တိုင်းတစ်ပါးကျူးကျော်တဲ့အချိန်၊ ဆူပူသောင်းကျန်းမှုဖြစ် နေတဲ့အချိန်၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်မှာ မူလအခွင့်အရေးနဲ့ တာဝန်များကို ကန့်သတ်ခွင့်ရှိတယ်။ ဒါ့အပြင် ပုဒ်မ-၄၂၀ အရတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရေးပေါ်အခြေအနေ ကြေညာ ထားစဉ်မှာ လိုအပ်တဲ့ ရေမြေဒေသအတွင်းမှာ နိုင်ငံသားများရဲ့ မူလအခွင့်အရေး တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ၊ လိုသလို ကန့်သတ်ရပ်ဆိုင်း နိုင်တယ်လို့ ပါရှိပါတယ်။ အခြေခံဥပဒေအရ ကျွန်တော်ကပြောခြင်းဖြစ်တယ်။ ပြီးရင်တော့ အခု ကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အရပြောမယ်ဆိုရင် ပုဒ်မ-၁၄၄(၁)မှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ သူရဲ့ကန့်သတ်တဲ့စာထဲမှာလဲပါတယ်။  တရားသဖြင့် လုပ်ကိုင်ရသူတစ်ဦးဦးကို နှောင့်ယှက်ထိခိုက်စေတဲ့အရာကိုဖြစ်စေ၊ ဟန့်တားနှောင့်ယှက်ခြင်းဖြစ်သည်ကို စိုးရိမ်ရန်ရှိသည့်အရာကိုဖြစ်တယ်။ လူ့အသက်ကျန်းမာမှု သို့မဟုတ် လုံခြုံမှု ကိုထိခိုက်စေနိုင် သည့်လက္ခဏာ အရာကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်သည့်အရာကိုဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှုဖြစ်စေနိုင်တာဖြစ်စေ။ ဒါတွေနဲ့ ကန့်သတ်လို့ရပါတယ်။ ပုဒ်မ-၁၄၄(၃)အရပဲ ဒီပုဒ်မအမိန့်ကို လူတစ်ဦးတစ်ယောက် တည်းသို့ဖြစ်စေ၊ အများပြည်သူသို့ဖြစ်စေ ချအပ်ခွင့်ရှိသည်လို့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူရဲ့ ပြောဆိုတဲ့အကြောင်းအရာတွေသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ပုဒ်မ-၁၄၄(၃)အရ လူတစ်ဦးတစ်ယောက်တည်းသို့ ကန့်သတ်ချမှတ်ရခြင်းဖြစ်ပါတယ်။”

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောကြားရာတွင်-

“အမှုတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံဟောင်းနဲ့ သမ္မတ ဟောင်းရဲ့ အမှုတွေနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေအရ ဆောင်ရွက်လျက်ရှိပါတယ်။ အဲလို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကို ကျော်လွန်ပြီး ကျွန်တော်တို့ ဆောင်ရွက် နေတာမရှိဘူး။ အဲလိုဆောင်ရွက်တဲ့နေရာမှာ တချို့ သူ့တို့ရှေ့နေတွေရဲ့ ပြောစကား တွေသည် ခုနက ကျွန်တော်ပြောတဲ့ဟာတွေနဲ့ ညီညွတ်ဖို့လိုပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုမျိုးတွေအဖြစ် အသွင်ပြောင်း သွားလို့မရပါဘူး။ ကျွန်တော်တို့က အဲလိုမျိုး ဥပဒေအရ ဆောင်ရွက်တဲ့နေရာမှာ ဒီလိုမျိုးကန့်သတ်ချက်တွေ၊ ဦးခင်မောင်ဇော်ကို ကျွန်တော်တို့ ကန့်သတ်တယ်။ ကန့်သတ်တဲ့နေရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ နှစ်မျိုးစဉ်းစားတယ်။ နံပါတ်တစ်အရတော့ ဥပဒေ အရညီညွတ်မှုရှိ/မရှိ။ နံပါတ်နှစ်အရတော့ ဆင်ခြင် တုံတရားအရ တရားမျှတမှုရှိ/မရှိ ကျွန်တော်တို့စဉ်းစားတယ်။ ဥပဒေအရညီညွတ်မှု ရှိ/မရှိတော့ ကျွန်တော်ပြောပြီးပြီ။ အခြေခံဥပဒေအရရော၊ ရာဇဝတ်ကျင့်ထုံးဥပဒေ အရရော ညီညွတ်မှုရှိလို့၊ ဒါတွေကို ကိုးကားပြီး ကျွန်တော်တို့ထုတ်တာ။ ဆင်ခြင်တုံ သဘောတရားအရဆိုတာ ဘာတုန်း ဆိုတော့ အခုအချိန် ဒီနိုင်ငံမှာ ကျွန်တော်တို့ ဘာတွေဖြစ်နေလဲ၊ ဘာတွေလိုအပ်နေလဲ။ ပြောလိုက်တဲ့စကားတွေသည် ဒါတွေကို အထောက်အကူပြုလား၊ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုလား၊ ပိုပြီး ဆိုးစေသလား။ ဆင်ခြင်တုံသဘောတရားအရတော့ အားလုံးတွေးကြည့်ရင်သိ နိုင်တယ်၊ လူတိုင်း တွေးကြည့်ရင်သိနိုင်တယ်။ ဒီဟာ တွေသည် အကျိုးမဖြစ်ထွန်း နိုင်မှန်းသိနိုင်တယ်။ သိနိုင်တဲ့အတွက်ကြောင့် ဒီကန့် သတ်ချက်ကို ဆောင်ရွက် ရခြင်း ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”