ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း
(၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင်ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
(၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်)
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား-
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့သည့် (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပင် ဖြစ်ပါသည်။ ရဟန်းရှင်လူပြည်သူအပေါင်းနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး အေးချမ်းသာယာသော လူမှုဘဝများပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် နိုင်ငံတော် အကျိုး၊ ပြည်ထောင်စုအကျိုး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့ အတွက် ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သနှုတ်ခွန်းဆက်သအပ်ပါသည်။
“ မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ် ” ဆိုတဲ့စကားရပ်အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များသည် ရပ်တန့်နေ၍မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာ အဖွဲ့အစည်းများ၌ အစဉ်အမြဲကိန်းအောင်းနေမည်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပါသည်။ ထို့အတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် မိမိတို့နိုင်ငံ၏ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးသည့် သမိုင်းဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခုမှာ စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေသက်တမ်းစံနှုန်းဖြင့် တွက်ချက်ပါက လူတစ်ယောက်၏ သက်တမ်းတစ်ခုစာ ရှိပြီဖြစ်သည်။ “ အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန် နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည် ” ဆိုသည့် စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော်အစိုးရသည် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့မတိုင်မီ၌ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ခိုင်မာစေရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့လုပ်ငန်းရပ်များဆောင်ရွက်ခြင်းဆိုသည့် အဆင့် ၃ ဆင့်အား နိုင်ငံတော်အစိုးရသည် အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကိစ္စများတွင် တိုင်းရင်းသားပြည်သူလူထုနှင့် ပါဝင်ပတ်သက်ရမည့်အစုအဖွဲ့များအားလုံးထံမှ အကြံပြု ချက်များရယူခြင်း၊ အသိပေးခြင်းနှင့်ပညာပေးခြင်းများအား ဆောင်ရွက်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်ပေးထားမည့် ထုတ်ပြန်ချက်များအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ၃၀-၉-၂၀၂၁ ရက်နေ့အထိ ၂၀ ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုသည့်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်ငန်းများအား ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲကြောင်း ကြေညာထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာတွင်-
(၁) သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေး ဆောင်ရွက်ခြင်း။
(၂) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့် ဆွေးနွေးခြင်း။
(၃) NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိရေး စတဲ့ လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက်ရှိပါသည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆများ အပေါ်၌ စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျသုံးသပ်ရန်လိုပါသည်။ ၁၉၈၈ ခုနှစ် နောက်မှစ၍ တပ်မတော်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း စဉ်များ အောင်မြင်မှု၊ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းမှု၊ တိုင်းရင်းသားနယ်မြေများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုများသည် ပြယုဂ်ပင်ဖြစ်ပါသည်။ အဆိုပါ အဖွဲ့များအနက် အများစုမှာ NCA လက်မှတ် ရေးထိုးနိုင်ခဲ့သည်မှာ လက်တွေ့ပင် ဖြစ်သည်။ အစိုးရများ မည်မျှပင်ပြောင်းပြောင်း မိမိတို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံပင်ဖြစ်သည်။ အစိုးရနှင့်နိုင်ငံတော်ကို ယုတ္တိကျကျ ခွဲခြားမြင်နိုင်ဖို့လို ပါသည်။ အစိုးရဆိုသည်ထက် မိမိတို့အားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် သစ္စာရှိရန်၊ နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်သည့် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန်သည် အဓိကဖြစ်သည်။ အားလုံးက We are Myanmar ဆိုသည့် စိတ်ဓာတ်အပေါ် အရင်းခံစေလိုပါသည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်၌ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များသည် လက်ရှိအခြေအနေထက်ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးအဆင့် တစ်ဆင့်သို့တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍လေးနက်စွာဖိတ်ခေါ်ပါသည်။ အားလုံးက စိန်ရတုပြည်ထောင်စုနေ့ သန္နိဌာန်ဖြင့် ဆောင်ရွက်ပေးကြစေလိုပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် “ နိုင်ငံတော်တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်း ချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေနဲ့ တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ” ပြောကြားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မိမိတို့အစိုးရမှ ဆက်လက် ဆောင်ရွက်သွားမည့် ဦးစားပေးနိုင်ငံရေးမူဝါဒပင်ဖြစ်ပါသည်။ ယင်းအချက် ၂ ချက်သည် အပြန်အလှန် ဆက်စပ် လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။
မိမိတို့ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ စနစ်သို့ကူးပြောင်းပြီးနောက် ပထမအစိုးရကာလ၌ ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာအောင် တည်ဆောက်ရေးအတွက် အရေးပါသည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ ပြုလုပ် ခဲ့သည်။ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ရှိပြီးဖြစ်သည်။ အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှု၊ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များအား ထပ်လောင်း အသိအမှတ်ပြုအပ်ပါသည်။
ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာ မှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် အတွက် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)အရ နိုင်ငံတော်တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်နေသည့်ကာလဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် နိုင်ငံတော်အားတာဝန်ယူပြီးသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ချမှတ်ဆောင်ရွက်လျက်ရှိရာ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီ ချက်များအတိုင်း အလေးထားလုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်း ပေးပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီ တို့ကို ဖွဲ့စည်းခဲ့သည်။ လက်ရှိကာလတွင် ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတို့ကို စုစုပေါင်း ၂၁ ကြိမ်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်မှုမရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက် လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအား မလိုလားသည့်၊ နိုင်ငံအား ဖျက်လို ဖျက်ဆီးလုပ်လိုသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ မီဒီယာများနှင့် အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူလိုသည့် NLD ပါတီအစွန်းရောက်များ၊ NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်၏ ဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အား ထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမထိခိုက်စေရန် သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံဆော်မှုများကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွား စေရန် အထူးသတိပြုကြစေလိုပါသည်။
မိမိတို့အစိုးရသည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်အားအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအတွက် မိမိတို့အစိုးရမှ ခိုင်ခိုင်မာမာအာမခံပြီး ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာဆက်လက်လျှောက်လှမ်းခြင်း ဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိဦးတည်သွားနေသည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအား သတ်မှတ်ချိန်အတွင်းကျင်းပနိုင်ပြီး ပြည်သူမှ ရွေးချယ်ပေးသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာ ရောက်မည်ဖြစ်သည်။
လက်ရှိအခြေအနေသည် တစ်ကမ္ဘာလုံး ကိုဗစ် - ၁၉ ကပ်ရောဂါအား ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစတင်၍ ယခုအထိ ခံစားနေရသည့်ကာလဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် “ ပြည်သူလူထု၏ အသက်ထက်အရေးကြီးတာ ဘာမျှ မရှိ ” ဟူသောမူဝါဒနှင့် “ ပြည်ထောင်စုအတွင်းနေထိုင်ကြသော နိုင်ငံသားများ သာမက လူမျိုးဘာသာမရွေး လူသားအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု တန်းတူ ညီတူ အခွင့်အရေးရရှိစေရမည် ” ဟူသည့် မူဝါဒများချမှတ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူ လူထု တစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ရှိသမျှ ခွန်အား၊ စွမ်းအားများဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာမက NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာဒေသများရှိ ပြည်သူများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက်ပါမကျန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသိသာသာ ကျဆင်းလာလျက်ရှိပါသည်။ မြန်မာ နိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။
မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် အမြဲတံခါးဖွင့်လှစ်ထားရှိကြောင်း အတိအလင်းကြေညာထားပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်အား ရယူထားချိန်ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက် နိုင်ပါသည်။ လက်ရှိနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဖွယ်ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပ ပြီးစီးချိန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များဖြစ်လာမှာဖြစ်သည့်အတွက် ယခုကာလ၌ မိမိတို့အနေဖြင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေ မည်ဖြစ်သည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေး ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေးရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်သင့် သလောက် မတိုးတက်ခဲ့သည်ကို သင်ခန်းစာယူရပါမည်။ မိမိတို့ လက်ထက်၌ ၎င်းကိစ္စ ကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် “ ပညာပြည့်ဝ၊ နှလုံးလှသော ” နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက် ကြရပါမည်။ ချစ်ခင်လေးစားအပ်ပါသော ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြပါရန် သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဥက္ကဋ္ဌ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး
ဖော်ဆောင်မှုဗဟိုကော်မတီ