တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၁)သန်းနှင့်ဆေးထိုးအပ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

Wednesday, October 13, 2021 - 15:00

 

ရန်ကုန် အောက်တိုဘာ ၁၃   

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၁ သန်းနှင့်ဆေးထိုးအပ်များကို ပေးအပ်လှူဒါန်းရာ ပထမအသုတ် အနေဖြင့် ကာကွယ်ဆေး(၁)သန်းနှင့် ဆေးထိုးအပ်(၁၀၀၁၆၀၀)ချောင်းတို့သည် Air China လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ည ၆ နာရီ တွင် ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။

အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက် အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်း ကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

          ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမည်ပြီးမိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနကလည်း တိုက်တွန်းနှိုးဆော် ထားကြောင်းသိရသည်။