နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များအားတွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင် နှင့် စောဒန်နီယယ်တို့ တက်ရောက် ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အပေါ် ရွေးကောက်ပွဲ မတိုင်မီကာလ၊ မဲပေးရွေးချယ်သည့်ကာလနှင့် ရွေးကောက်ပွဲပြီးသည့် ကာလများတွင် ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကို မည်သို့မျှမိမိတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်၍ မရနိုင်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ် အခြေအနေကြေညာ၍ ဆောင်ရွက်ခဲ့ရသည့် အနေအထားဖြစ်ကြောင်း၊ အကယ်၍သာ ဆောင်ရွက်ဖွယ်ရာရှိသည့် ကိစ္စရပ်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက် မည်ဆိုပါက ယခုအခြေအနေမျိုးသို့ ရောက်ရှိမည် မဟုတ်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ပြောခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့သည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ ဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးနှင့် လုံခြုံရေး သည် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုဟု ပြောသည့်အခါ နိုင်ငံရေးရင့်ကျက်မှုရှိရန်လည်း လိုအပ်ကြောင်း၊ ရင့်ကျက်မှုရှိမှ တည်ငြိမ် အေးချမ်းမည်ဖြစ်ကြောင်း၊ ရင့်ကျက်မှုမရှိပါက မည်သို့မျှ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးတည်ငြိမ် ရင့်ကျက်မှုရှိရန် ထိန်းကျောင်းရမည်၊ လေ့ကျင့်ပေး ရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေးဆိုရာတွင် လူတိုင်း အမြင်ချင်းတစ်ထပ်တည်း မည်သို့မျှမကျနိုင်ကြောင်း၊ ကွဲလွဲမှုရှိကြမည်ဖြစ်ကြောင်း၊ ကွဲလွဲမှုရှိ သည့်အခါတွင် ယင်းအပေါ်၌ မိမိတို့လုပ်ချင်တိုင်း လုပ်လို့ရသည်ဆိုသည့်အမြင်မျိုး(အစား) နိုင်ငံရေးကို တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးစနစ်နှင့် စည်းကမ်းတကျရှိသည့် နိုင်ငံရေးစနစ် ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက်ပြီး လုပ်မည်ဆိုပါက ယင်းအပြောကျယ်လှသည့် နိုင်ငံရေးသည် အင်မတန် သာယာသည့် နိုင်ငံရေးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ “တိမ်တောင်သဖွယ် မင်းရေးကျယ်” ဟု ပြောကြပါကြောင်း၊ အင်မတန်ကျယ်ပြောလှသည့် နိုင်ငံရေးလောက ကြီးထဲ တွင် မိမိတို့သည် နိုင်ငံရေးယဉ်ကျေးမှုနှင့် သွားကြရန်လိုကြောင်း။
ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အများ၏ ဆန္ဒနှင့် ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီးရိုးသားသည့် နိုင်ငံရေးဖြစ်ရန် လိုကြောင်း၊ အများဆန္ဒသည် ရိုးသားမှုမရှိပါက ယင်းနိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောနိုင်ရန် ခဲယဉ်းကြောင်း၊ မိမိတို့ ဖြတ်သန်းလာခဲ့သည့် တစ်လျှောက်တွင် ပါလီမန်စနစ်သွားခဲ့ကြကြောင်း၊ ထို့နောက် တော်လှန်ရေးကောင်စီတက်လာပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အတိုင်း သွားခဲ့ကြပါကြောင်း၊ ထို့နောက် တပ်မတော်အစိုးရအုပ်ချုပ်မှုကို သွားခဲ့ပါ ကြောင်း၊ တပ်မတော်အစိုးရမှ ပြည်သူလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့ ကြောင်း၊ အခြေခံဥပဒေ ရေးဆွဲပြီး ၂၀၁၁ ခုနှစ်တွင် တက်လာသည့် ရွေးကောက်ခံပါတီကို မိမိတို့ကတာဝန်လွှဲ၍ ယခုပါတီစုံဒီမိုကရေစီ လမ်းကြောင်းကိုသွားပါကြောင်း၊ ပါလီမန်စနစ်၊ တော်လှန်ရေး ကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်၊ တပ်မတော်အစိုးရစနစ် ကျင့်သုံးခဲ့သည့် နိုင်ငံရေးဆောင်ရွက်ချက်များသည် ရိုးသားမှု မည်မျှရှိသည်၊ အားပြိုင်မှု မည်မျှရှိသည်၊ အာဃာတများ မည်မျှရှိသည် စသည်တို့ကို သမိုင်းပြန်လှန်ကြည့်ပါက တွေ့နိုင် ကြောင်း။
ယခုဖွဲ့စည်းသည့် ကောင်စီတွင် မိမိထက် အသက်များစွာကြီး၍ အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ်များ ပါဝင်ပါကြောင်း၊ မိမိအနေဖြင့် ယခုကိစ္စအပေါ် များစွာစဉ်းစား ခဲ့ကြောင်း၊ ရိုးသားသည့်၊ စစ်မှန်သည့် နိုင်ငံရေးယဉ်ကျေးမှုများ ရှိရန်လိုအပ်ကြောင်း၊ ပါလီမန်စနစ်ကို ကြည့်ကြည့်၊ တော်လှန်ရေးကောင်စီခေတ်ကို ကြည့်ကြည့်၊ လမ်းစဉ် ပါတီအစိုးရခေတ်ကို ကြည့်ကြည့် မိမိတို့တွေ့နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းပြည်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မိမိတို့မှန်မှန်ကန်ကန် သွားနိုင်မှသာ နိုင်ငံရေးသည် တည်ငြိမ်မှုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု ရမှသာလျှင်၊ လုံခြုံရေးနှင့် တည်ငြိမ်မှုဆိုသည်မှာလည်း နောက်ဆက်တွဲပါလာ မည်ဖြစ်ကြောင်း၊ တစ်ဖက်က လုံခြုံရေးနှင့် တည်ငြိမ်ရေးရှိမှသာ နိုင်ငံရေးနှင့်တည်ငြိမ်မှု တို့သည် ဟန်ချက်ညီညီဖြင့် သွားမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဆိုသည်မှာ အသက်ဖြစ်ကြောင်း၊ အများဆန္ဒ ဟု ပြောသည့်အတွက် ရွေးကောက်ပွဲကို ဆန္ဒပြုခြင်းနှင့်သွားကြကြောင်း၊ ဆန္ဒပြုခြင်းဖြင့် သွားသည့်အတွက် ယင်းဆန္ဒပြုခြင်းသည် မှန်မှန်ကန်ကန်ဖြစ်ရန်လိုအပ်ကြောင်း၊ လွတ်လပ်စွာ၊ မှန်ကန်စွာဆန္ဒပြုခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို လွတ်လွတ် လပ်လပ် မှန်မှန်ကန်ကန်ပေး၍ရကြောင်း၊ သမာသမတ်မကျလျှင် ပြည်သူ့ဆန္ဒအမှန်တိုင်း ဖြစ်ရန် ခဲယဉ်းပါကြောင်း။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ၂၀၁ဝ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးများ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲကြီးများကြားတွင် ကြားဖြတ်ရွေးကောက်ပွဲများလည်း ရှိခဲ့ကြောင်း၊ အဆိုပါရွေး ကောက်ပွဲများ၌လည်း ပြဿနာအနည်းငယ်နှင့် တိုင်ကြားတရား စွဲမှုများရှိခဲ့ သော်လည်း ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြဿနာ ကြီးကြီးမားမား မရှိဘဲ သမာသမတ်ရှိသည့် ဆုံးဖြတ်ချက်ဟူ၍ လက်ခံသွားကြကြောင်း။
ပြီးခဲ့သည့် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲမဲပေးနေသည့်ကာလနှင့် ရွေးကောက်ပွဲပြီးသည့်ကာလများတွင် ပြဿနာများရှိ လာပြီး ကြီးမားသည့်ပြဿနာများ ဖြစ်လာသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီဆောင်ရွက်သည့် ပါတီမဲဆွယ်စည်းရုံးရေးမှစတင်ကာ ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့် နှင့်ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာများ တွေ့လာကြောင်း၊ မိမိဆီသို့လည်း နိုင်ငံရေးပါတီများက စာရေးကြသည်များလည်းရှိကြောင်း၊ မိမိအနေဖြင့် ဖိတ်ကြားပြီး ၎င်းတို့၏ ဆန္ဒများနှင့် အခြေအနေများကို မေးမြန်းကြောင်း၊ တစ်ဖက်တွင် လည်း ပါတီများနှင့် လူထု၏ စာများကိုဖတ်ကြည့်သည့်အခါ ရွေးကောက်ပွဲအကြိုကာလ ဆောင်ရွက်ချက်များအပေါ် သံသယကြီးကြီးမားမား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်မှစ၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကဦးတည်၍ ပြောခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် မဲပေးခဲ့ကြသည့်သူများနှင့် ပါတီများက အဆိုပါရွေးကောက်ပွဲများတွင် သံသယမရှိသည့်အတွက် တက်တက်ကြွကြွ ဖြင့် မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရ ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရလုပ်ဆောင်ချက်များအပေါ် ပြည်သူများ အနေဖြင့် အားမလိုအားမရ ဖြစ်လာကြသည်ကိုတွေ့ရကြောင်း၊ ပြည်သူများက ၎င်းတို့၏ ဆန္ဒအလျောက် အလွှာအသီးသီး၏ခံစားချက်များကို မူတည်၍ အစိုးရ လုပ်ဆောင် ချက်များအပေါ်မှာ အားမလိုအားမရဖြစ်လာသည့်အတွက် ရွေးကောက်ပွဲ လုပ်ရန် ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ်စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာကြောင်း။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲလုပ်သည့်အခါ ရန်ကုန် တစ်မြို့နယ်လုံး မဲပေးသူ ၁၄ ရာခိုင်နှုန်းလောက်သာ ရှိသည်ကို သိရကြောင်း၊ လူ ၁ဝဝ တွင် ၁၄ ယောက်သာ မဲပေးပြီး အဆိုပါ ၁၄ ယောက်ထဲမှ မဲများသူကို တာဝန်ပေးသည်ဆိုသည်မှာ တာဝန်ပေးအပ်ခြင်းခံရသောသူ သည် သက်ဆိုင်ရာ မဲဆန္ဒရှင်အားလုံး၏ ကိုယ်စားပြုမှုအပေါ်အား ပျော့ကြောင်း၊ ရာနှုန်းပြည့်လက်ခံ နိုင်ရန်ခဲယဉ်းကြောင်း၊ ယင်းမှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အတွေ့အကြုံတစ်ခုဖြစ်ကြောင်း။
၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရောက်သည့်နေရာတိုင်းတွင် နှစ်သက်ရာကို မဲပေးရန်တိုက်တွန်းပါကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရသည် မဲပေးရန်ဖြစ်ကြောင်း၊ ဖြစ်သင့်သည်ကိုသာ ပြောပြကြောင်း၊ ဆုံးဖြတ်သည်မှာ ပြည်သူများ ပင်ဖြစ်ကြောင်း။ တပ်မတော်ကို တပ်တွင်းမဲရုံများတွင် မဲပေးခြင်းမှ အပြင်တွင်မဲပေးရမည်၊ ပြည်သူနှင့် အတူ မဲပေးရမည်ဟု ပြောလာသည့်အခါ မိမိအနေဖြင့် ချက်ချင်းပင် သဘောတူခဲ့ ကြောင်း၊ ပြည်သူနှင့်အတူ မဲပေးသည်မှာ ပို၍ကောင်းကြောင်း၊ လွတ်လွတ်လပ်လပ် မဲပေးရန်ဆောင်ရွက် ခဲ့ကြောင်း၊ မဲပေးသည့်ကာလ၊ မဲပေးသည့်အချိန်တွင် မဲရုံများနှင့် ပတ်သက်၍ ကြိုတင်မဲပြဿနာများရှိကြောင်း၊ ကြိုတင်မဲများနှင့်စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ချက်များပေး၍ မဲပေးခိုင်းသည်ကို တွေ့ရကြောင်း၊ ဉပဒေကို ကျော်လွန်၍ မဖြစ်ကြောင်း၊ ရွေးကောက်ပွဲဉပဒေကို ကျော်လွန်သည့် အမိန့်များကို ထုတ်ပြန်မှု မပြုသင့်ကြောင်း၊ သို့သော် အဆိုပါအချက်များကို မျက်ကွယ်ပြု၍ ကိုဗစ်ဖြစ်သည်ကို အကြောင်းပြ ထုတ်ပြန်ထားသည့် အမိန့်များကို တွေ့ရကြောင်း။
ဆိုလိုသည်မှာ မဲစာရင်းထုတ်ပြန်သည့်အခါနှင့် ကြိုတင်မဲပေးသည့်အခါ မှားယွင်း မှုများ စတင်တွေ့လာကြောင်း၊ ထို့ကြောင့် မိမိတို့က စနစ်တကျ စိစစ်ဆောင်ရွက်ပေးရန် ပြောကြောင်း၊ တပ်မတော်အတွင်း၌ ကြိုတင်မဲပေးရာတွင် ကြိုတင်မဲပေးသည့်အချိန် ရက် ၉ဝ မတိုင်မီ ရှိနေသူဖြစ်ရမည်ဟု ပြောပါကြောင်း။
မိမိတို့စည်းကမ်းနှင့်အညီ မဲပေးရန် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယင်းမှာ ကြိုတင်မဲ ပေးသည့်ကာလဖြစ်ကြောင်း၊ မဲရုံ၌ မဲပေးသည့်အချိန်တွင် လည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် မဲပေးသည့်နေရာများတွင် မည်သည့် မြို့နယ် မည်သည့်မဲရုံ၌ မည်သို့မဲပေးသည်စသည်ဖြင့် လူဦးရေစာရင်း အကုန်ရှိကြောင်း၊ ဆက်သွယ်ရေး စနစ်အလွန်ကောင်းသည့် ခေတ်ကာလတွင် မိမိတို့အနေဖြင့် မသိစရာ အကြောင်းမရှိ ပါကြောင်း။ မဲစာရင်းထဲတွင် မှတ်ပုံတင်မပါသူ စာရင်းများတွေ့ရကြောင်း၊ ကိုယ်စားလှယ်လောင်းများက ပြော၍သိရကြောင်း၊ ယင်းမှာ မဲပေးသည့်နေ့က ဖြစ်စဉ် ဖြစ်ကြောင်း၊ မိမိကိုလည်း တိုင်ကြကြောင်း၊ တချို့ပါတီများက စာနဲ့ရေးပြီး ပြောကြ ကြောင်း၊ မဲဆန္ဒရှင်တစ်ဦးက ယင်း၏ တွေ့ရှိချက်ကို မိမိထံ စာရေးပြီး တင်ပြကြောင်း၊ မိမိအနေဖြင့် ကျွမ်းကျင်သူများ ခေါ်၍ဆွေးနွေးကြောင်း၊ နောက်ဆုံး ကွန်ပျူတာနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါတွင် ရလဒ်များထွက်လာကြောင်း။ စထွက်သည့်အချိန်ကစ၍ UEC ကို ရှင်းပြရန် မိမိ တောင်းဆိုကြောင်း၊ UEC က ရေငုံနှုတ်ပိတ်နေပြီး ထုတ်ပြန်ချက် များ ထုတ်ကြောင်း၊ ယင်း ပြဿနာမှာ မည်သို့မျှ လက်ခံ၍မရကြောင်း၊ မိမိအနေဖြင့် လွှတ်တော်သို့စာရေး၍ အသိပေးကြောင်း။
ယင်းနောက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန်အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ နိုင်ငံရေးပါတီတချို့နှင့်ပေါင်းပြီး စာရေးတင်ပြကြောင်း၊ လွှတ်တော်ကငြင်း ပယ်ခဲ့ကြောင်း။ အမှန်အားဖြင့် လွှတ်တော်က ငြင်းပိုင်ခွင့်မရှိကြောင်း။ အထူးအစည်းအဝေးကို ဥပဒေအရ ခေါ်ပေးပါဟု ပြောပါက ဥပဒေနှင့်ကိုက်ညီလျှင် ခေါ်ပေးရမည့်တာဝန်ရှိပြီး ငြင်းပယ်ခွင့်မရှိကြောင်း။ နိုင်ငံတော်သမ္မတထံ ထပ်ပြီးတင်ပြ ကြောင်း။ တရားဝင် ကာလုံခေါ်ပေး ရန်တင်ပြသော်လည်း အသိအမှတ် မပြုကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ်ပေးနိုင်သည့်သူကို စာရေးပါကြောင်း၊ အစိုးရ အဖွဲ့ကိုယ်စားလှယ် မိမိထံ လာတွေ့ပြီး ဆွေးနွေးခဲ့ရာ အကျိုးအကြောင်းများဖြင့် ရှင်းပြခဲ့ကြောင်း။ ကိုယ်စားလှယ်များကလည်း လက်ခံကြောင်း။ သို့သော် အဖြေမရခဲ့ကြောင်း၊ ထို့ကြောင့် တရားဝင်ဖြစ်အောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးခေါ် ပေးစေလိုကြောင်း နိုင်ငံတော် သမ္မတထံသို့ စာထပ်ရေးခဲ့ကြောင်း၊ ယင်းတို့ အကြောင်းပြန်ချက်မှာ သမ္မတနှင့် လွှတ်တော်တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း။ UEC နှင့်သာ သက်ဆိုင်ကြောင်း။ UEC နှင့်သာ ရှင်းရန် လိုကြောင်းစသည့်ဖြင့် တုံ့ပြန်ခဲ့ကြောင်း။
ဒီမိုကရေစီနည်းလမ်းအရ ဆောင်ရွက်ထားသည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် မိမိအနေဖြင့် ယင်းကို မပျက်ဆီးစေလိုကြောင်း။ အကြိမ်ကြိမ်အခါခါ သတင်းအချက် အလက်ပေး ကြောင်း။ သို့သော် မည်သို့မျှ မရသည့် အတွက် ယခုအနေအထား ကိုရောက်ခဲ့ကြောင်း။ ရွေးကောက်ပွဲကြောင့် ဖြစ်လာသည့် ပြဿနာအခြေခံကိုရှင်းပြခြင်းဖြစ်ကြောင်း။ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အာဏာကို အဓ္ဓမ ရယူလိုခြင်း နှင့်အကျူံးဝင်နေသည်ကို တွေ့မြင်ရကြောင်း။ ကျမ်းသစ္စာကျိမ်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌများ၊ တာဝန်ရှိသည့်အဖွဲ့အစည်းများကို ဖွဲ့စည်းရန်လုပ်ဆောင်ခြင်းသည် အာဏာ ကို မတရားသဖြင့်ရယူရန် ပြုလုပ်ခြင်းဖြစ်ကြောင်း။ ယင်းတို့မှာ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအပြီးကာလများတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များဖြစ်ကြောင်း။
မိမိတို့တာဝန်ယူပြီးနောက် ရွေးကောက်ပွဲမဲစာရင်းနဲ့ပတ်သက်ပြီး ပြန်ပြီးစိစစ် မည်ဖြစ်ကြောင်း၊ ပြန်လည်စိစစ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဉပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းစစ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က အရေးကြီးကြောင်း၊ အရေးပေါ်အခြေအနေကြေညာလိုက်သည့် အချိန်မှ စပြီး ဉပဒေအရ ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က အသစ် တက်လာမည်ဖြစ်ကြောင်း၊ ထူးခြားသည်မှာ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲစာရင်းတွင် တတိယအကြိမ် မဲစာရင်း ထုတ်ပြန်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ပဏာမစစ်သည့်အချိန်တွင် တတိယမဲစာရင်းကို ရှာမရပါကြောင်း၊ ရှိကောင်းရှိနိုင်မည်ဖြစ်သော်လည်း အကုန်ရှိချင်မှ ရှိနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုသည် တတိယအကြိမ်မဲစာရင်းမရရှိကြဟု ပြော ကြောင်း၊ မိမိအနေဖြင့် ယခုတာဝန်ရှိသူများနှင့် ပဏာမစစ်သည့်အချိန်တွင် တတိယအကြိမ် မဲစာရင်းယခုအထိ မရသေးကြောင်း၊ သို့သော်တွေ့ရှိပါက တတိယ အကြိမ် မဲစာရင်းကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း၊ တပ်မတော်က စစ်သည့်အခါ ပထမအကြိမ်မဲစာရင်းကို စစ်ကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းရသည့်အချိန်တွင် ပထမအကြိမ်ရသည့် မဲစာရင်းနှင့် ဒုတိယအကြိမ်မဲစာရင်း သိပ်မကွာပါကြောင်း၊ အနည်းအကျဉ်းသာ ကွာကြောင်း၊ ထို့ကြောင့် မိမိတို့က မဲစာရင်းရလဒ်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် နံပါတ်တစ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်ပြီးပါက ကြေညာမည်ဖြစ်ကြောင်း၊ မကြာခင် ကြေညာမည်ဖြစ်ကြောင်း၊ အကြမ်းဖျင်း မဟုတ်ဘဲ အကုန်လက်မှတ်ထိုးပြီး ကော်မတီတွင် လည်းတင်ပြ၍ ကော်မတီ အကုန်လုံးကို အသိပေးပြီး ကြေညာမည်ဖြစ်ကြောင်း၊
ဒုတိယအချက်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် တားဆီး၍ရသည့် ရောဂါမဟုတ်ပါကြောင်း၊ ကောင်စီဝင်များ မစုံလင်ချိန် တွင် သက်ဆိုင်ရာဝန်ကြီးများ ခန့်အပ်ပြီး ခေါ်တွေ့ပါကြောင်း၊ ကိုဗစ်-၁၉ အတွက် အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်က ကမ္ဘာတွင် ဒုက္ခအပေးဆုံးပြဿနာ ဖြစ်နေကြောင်း၊ ကမ္ဘာ့ လူဉီးရေသန်း ၁၀၀ ကျော်ခန့် ကိုဗစ်ရောဂါဖြစ်နေကြောင်း၊ သေဆုံးမှုလည်း အထိုက် အလျောက်ရှိကြောင်း၊ သို့သော်လည်း တားဆီး၍မရသည့် ကိစ္စမဟုတ်ပါကြောင်း၊ အားသွန်ခွန်စိုက် လုပ်ရန်အတွက် စည်းမျဉ်းစည်းကမ်းနှင့် တားဆီးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် လက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး လှူထားသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂိုလ်များ ရှိကြောင်း၊ စနစ်ဇယားဖြင့် စနစ်တကျရှိနေ သည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့သော်လည်း မည်သို့သုံးစွဲထားသည်ကို ပြန်လည် ကြည့်ရမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် နိုင်ငံတော်ဘတ်ဂျက်မှ ကိုဗစ်ကယ်ဆယ်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ရန်ပုံငွေပေးသည်များရှိပါကြောင်း၊ ဘီလီယံနှင့်ချီ၍ ပေးသည်များရှိကြောင်း၊ ပြည်သူလူထုက ပူးပေါင်းဆောင် ရွက်ရန်အတွက်လည်း ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ အကျိုးရှိရှိဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမည်ဟု ပြောလိုကြောင်း၊ ကာကွယ်ကုသရေး အပိုင်းတွင်လည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ကျေးလက်နေ ပြည်သူများနှင့် ရဟန်သံဃာများ မကျန်စေရေးအတွက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ထိတွေ့မှုများသည့် အလွှာနှင့်မဖြစ်မနေ ထမ်းဆောင်နေရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုလည်း ကာကွယ်ဆေး ထိုးရမည်ဖြစ်ကြောင်း၊ အဓိက အခြေခံလူတန်း စားများ၊ တောင်သူလယ်သမားများ၊ ကျေးလက်များတွင်ရှိသည့် လူများ၊ အများစု ၇၀ ရာခိုင်နှုန်းကို အမြန်ဆုံး ထိရောက်အောင် ဆောင်ရွက်ပေးမှရမည်ဟု တွေးမိပါကြောင်း။
တတိယသည် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ထိခိုက်ခဲ့သည့် စီးပွားရေးများ နလန်ထူရန် မိမိတို့ကောင်စီက ကူညီပေးမည်ဖြစ်ကြောင်း၊ ငွေကြေးလိုအပ်ပါကလည်း ငွေချေးရန်အတွက် နည်းလမ်းရှာ လုပ်ပေးမည်ဖြစ်ကြောင်း၊ ဘဏ္ဍာအခွန်ဝန်ကြီးနှင့် ဗဟိုဘဏ်ကိုလည်း ယခင်အတွေ့အကြုံရှိသည့်သူကိုသာ ပြန်လည်တာဝန်ပေးပါ ကြောင်း၊ ထို့ကြောင့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် လုပ်ရန် လိုပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ ဆောင်ရွက်ဆဲ စီမံကိန်း များ၊ ခွင့်ပြုပြီး စီမံကိန်းများနှင့်ပတ်သက်ပြီးမိမိအနေဖြင့် အာမခံ ချက်ပေးပါကြောင်း၊ အစိုးရက မူအားဖြင့်သဘောတူပြီး ခွင့်ပြုချက်မရသေးသည်များ ရှိပါကြောင်း၊ ဉပမာ အားဖြင့် ဘဏ္ဍာအခွန်ဝန်ကြီး ဌာန ရင်းနှီးမြှုပ်နှံမှု၊ သစ်တောရေးရာဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနစသည့် ဌာနဆိုင်ရာအသီးသီး၏ အကြောင်းပြချက်များကို တစ်ဖွဲ့ချင်းခေါ်ယူဆွေးနွေးပြီး အမြန်ဆုံး ခွင့်ပြုချက်ချ ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီများကို ပြန်ဖွဲ့ထားပြီး ကောင်စီဝင်များသည်လည်း အချို့နေရာများတွင် ကော်မတီဝင်များအဖြစ် ပါဝင်မည်ဖြစ်ကြောင်း၊ ဝိုင်းဝန်းစဉ်းစားပေးကြရန်ဖြစ်ကြောင်း၊ ယခင်အစိုးရက သဘောတူညီပြီးဖြစ်သည့် ခွင့်ပြုချက်စောင့်ဆိုင်းနေသည့် လုပ်ငန်းများ ကို အမြန်ဖွင့်ပေးစေရန် လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် အောင် ဆက်ပြီးလုပ်နိုင်စေရေးအတွက် လုပ်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များများ ရရှိရေး ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့အပေါ်သံသယ ဖြစ်မှုများရှိပြီး တချို့နေရာတွင် ပိတ်ပင်တားဆီးမှုများရှိကြောင်း၊
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပို၍မြှင့်တင်ဆောင်ရွက်သွားရန် ကြိုးစား ပေးမည်ဖြစ်ကြောင်း၊ နောက်ထပ်အရေးကြီးသည်မှာ ထာဝရငြိမ်းချမ်းရေး ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ လိုအပ်ချက်တစ်ခုမှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေးတည်ငြိမ်မှုဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ယင်းနှင့်ပတ် သက်၍ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း၊ NCA လမ်းကြောင်းအတိုင်း သွားမည် ဖြစ် ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံသည့် ပြည််ထောင်စုကိုသွားမည်ဖြစ်ကြောင်း၊ NCA နှင့်ပတ်သက်ပြီးရအောင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ NCA နှင့် ပတ်သက်၍ အရေးပေါ်ကာလ တစ်နှစ် အတွင်း ဖြစ်နိုင်သမျှ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုလည်း လက်မှတ်ရေးထိုးနိုင်ရန် ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ၎င်းတို့က ဉီးဆောင်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း လက်ခံတွေ့ဆုံ၍ ပြောဆို မည်ဖြစ်ကြောင်း၊ မိမိတို့သွား နေသည့် ဒီမိုကရေစီဆိုသည်မှာ အားလုံးတူညီသည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ရန်၊ စိတ်တူသဘောတူသွားရန် လိုအပ်ကြောင်း၊ ယင်းကိုလည်းကောင်စီဝင်များက ဆက်လက်ကူညီဆောင်ရွက်ပေးရန် ပြောလိုကြောင်း။
မဲစာရင်းများ စစ်သည့်အခါတွင် ၁၈နှစ် မပြည့်သေးသူ များစွာတွေ့ရကြောင်း၊ မှတ်ပုံတင်မပါသည့်သူများ စာရင်းအတွင်း တွေ့ရကြောင်း၊ သန်းနှင့်ချီတွေ့ရကြောင်း၊ ထို့ကြောင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးကို ခေါ်တွေ့မေးမြန်းရာ ရန်ကုန်တွင်ရှိသည့် သူတော်တော်များများသည် နာဂစ်၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသည့်သူများဖြစ် ကြောင်း၊ ၎င်းတို့တွင် မှတ်ပုံတင် မရှိဟု ပြောကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမှန်သမျှ မှတ်ပုံတင်ရရှိစေရန် အင်တိုက်အားတိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်များတွင် မှတ်ပုံတင်မရှိသည့် တိုင်းရင်း သားများရှိပါကြောင်း၊ ယင်းတို့ကိုလည်း အထူးစီမံချက်ထားပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် ပြောကြားထားကြောင်း၊ မိမိဖြည့်စွက် ပြောလိုသည်မှာ နိုင်ငံသား မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းအားလုံး နိုင်ငံသားအားလုံးကို ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နောက်ထပ်ရပ်ထား၍ မရသည့်ကိစ္စတစ်ခုမှာ ဘင်္ဂလားဒေ့ရ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ကိစ္စဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်ပါက သဘောတူညီချက်များကို ဆက်လက် ဆွေးနွေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး၍ လက်ခံသင့်သည့် ကိစ္စရပ်များ ကို လက်ခံမည်ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဉပဒေအရ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
အရေးပေါ်ကာလ အတွင်း လုပ်ငန်းရပ်များကို မြန်မြန်ထက်ထက်ဖြင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ယင်းတို့ ပြီးသည်နှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် ဆောင်ရွက်ဆဲဖြစ်သည့် ကိုဗစ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ပို့ဆောင်ဆက်သွယ်ရေးဖြစ်ပြီး ရပ်ထား၍ မရပါကြောင်း၊ ထို့ကြောင့် တပ်မတော်က ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်သည့် ဌာနများကိုလည်း ကျွမ်းကျင် သည့်သူများနှင့် ဖွဲ့စည်းတာဝန်ပေးကြောင်း၊ အရေးအကြီးဆုံး နေရာအားလုံးတွင်လည်း ကျွမ်းကျင်သည့်သူများက တာဝန်ယူ လုပ်ဆောင်နေကြောင်း၊ ယင်းကို ကြည့်ခြင်းအား ဖြင့် မိမိတို့သည် စုပေါင်းဉီးဆောင်မှုဖြင့် ဒီမိုကရေစီကို စနစ်တကျသွားရန်အတွက် ဉီးတည်နေကြောင်း အကြမ်းဖျင်းအားဖြင့် မှန်း၍ရပါ ကြောင်း။ နိုင်ငံတကာဆက်ဆံရေး နှင့် ပတ်သက်၍လည်း မူဝါဒများပြောင်းလဲခြင်းမရှိကြောင်း၊ အခြေခံဉပဒေတွင် ပြဌာန်းပြီးဖြစ်ကြောင်း၊ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက် ရှိကြောင်း၊ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေး မူအပေါ်တွင် အခြေခံပြီးသွားမည်ဖြစ် ကြောင်း၊ အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ အာဆီယံတွင် ပေးထားသည့် ကတိကဝတ်များအားလုံးကို လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ကုလသမဂ္ဂ၏ ပြဌာန်းချက်များကိုလည်း လိုက်နာသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် မိမိတို့နိုင်ငံနှင့်ကိုက်ညီ၍ လက်ခံထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ကုလသမဂ္ဂနှင့်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများအားလုံး လိုက်နာဆောင်ရွက် သွားမည်ဟု ကောင်စီဝင်များကို အသိပေးလိုကြောင်း၊ အဓိကအားဖြင့် မိမိတို့သည် တိုတောင်းလှသည့် ကာလအတွင်း အခြေအနေကို ပုံမှန်လမ်းကြောင်းအပေါ် ဖြောင့် အောင် သွားနိုင်ရန် လိုအပ်ကြောင်း၊ ယင်းကိုကောင်စီဝင်များ ကလည်း ပူးပေါင်းဆောင် ရွက်ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့်လိုအပ်သည့်နေရာတွင် ဉီးဆောင်ပေးရန် တင်ပြလို ကြောင်း ပြောကြားသည်။
ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ JengPhang နော်တောင်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးခင်မောင်ဆွေတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်တွင် ပါရှိသည့် နိုင်ငံရေးပါတီပြဌာန်းချက်များ အတိုင်း ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးရေးအတွက် အခြေခံကျသည့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီများ အမြန်ဖွဲ့စည်းပြီး သမာသမတ်ကျသူများအား တာဝန်ပေးအပ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သော ဥပဒေများ အား ပြန်လည်ပြဋ္ဌာန်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ ငြိမ်းချမ်းရေးပိုမိုအောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ပြည်နယ်အုပ်ချုပ်ရေးကောင်စီများ တွင် အဖွဲ့ဝင်များတိုးမြင့်ခန့်ထားပေးရေး၊ ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိသော်လည်း မကျင်းပ ပေးခဲ့သည့်အတွက် အခွင့်အရေးများဆုံးရှုံးခဲ့မှု၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာများ ဖွဲ့စည်းပေးရေး၊ လွှတ်တော်ဥပဒေများ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဥပဒေ၊ ရွှေးကောက်ပွဲဆိုင်ရာဥပဒေတို့တွင် ဖြည့်စွက် ချက်များထည့်သွင်းရေး နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပြု ရေးကိစ္စကိုစဉ်းစားပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရန် လိုကြောင်း၊ ယခုတင်ပြသည့်ဆွေးနွေးတင်ပြချက်များကို အကောင်းဆုံးဖြစ်အောင် စဉ်စား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။