အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့်Covidshield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၁)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

Sunday, October 10, 2021 - 04:45

 

နေပြည်တော်၊ ၉-၁၀-၂၀၂၁

  ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး /ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ထိုးနှံပေး လျက်ရှိပါသည်။ ထိုသို့ထိုးနှံပေးရန်အတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covidshield အမှတ်တံ ဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ(၁)သန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ (၉-၁၀-၂၀၂၁) ရက်နေ့ ည(၉:၄၀) နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်  ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူ ခဲ့ပါသည်။

    အဆိုပါကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း (Central Cold Room)တွင် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမည်ဖြစ်ပါသည်။ ထိုသို့ကာကွယ်ဆေးများ သိုလှောင်ထားရှိရာ၌ အအေးလမ်းကြောင်း စံချိန်စံညွန်းများနှင့်အညီ ထားရှိရေးအတွက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှတာဝန်ရှိသူများ အနေဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု၍ ကြီးကြပ်စစ်ဆေး လမ်းညွန်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    သိုလှောင်ထားရှိသည့်ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့်မြန်မာ့လေကြောင်းတို့၏အကူ အညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက်ဆက်လက်ဖြန့်ဝေသွား မည် ဖြစ်ပါသည်။

    ယခုရောက်ရှိလာသောကာကွယ်ဆေးများကိုမူလဦးတည်အုပ်စုများနှင့်ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအားဦးစားပေးအစီအစဉ်များအလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။

   ၉.၁၀.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၆)သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်ပါသည်။

   COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၈-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း (9,574,393)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ(၄,၀၈၃,၃၃၇) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၄၉၁,၀၅၆)ဦး ရှိပြီ ဖြစ်ပါသည်။    သို့ဖြစ်ပါ၍ (၈-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၃,၆၅၇,၇၃၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

   မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။