နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်း ပြန်လည်စတင်နိုင်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော် အောက်တိုဘာ ၂

Saturday, October 2, 2021 - 19:15

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်() သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်း ပြန်လည်စတင်နိုင်မည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
 

နေပြည်တော် အောက်တိုဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တို့က အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်း၏ ပကတိအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများချမှတ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စက်ရုံအတွက် လျှပ်စစ်ဓာတ်အားနှင့် သဘာဝ ဓာတ်ငွေ့များ လုံလောက်စွာရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေ များအားလည်းကောင်း၊ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များနှင့် စက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့သည့် သံနှင့် သံမဏိ စက်ရုံ စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းကြီးပြီးစီးပါက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန် များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရန်လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်း တစ်ခုလုံး ၏ ပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းထိ ပြီးစီးခဲ့ပြီးဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် တက်လာသည့် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှေ့နောက် မဆင်မခြင်ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်း ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ စီမံကိန်း သည် နိုင်ငံတော်အတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်သည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် စီမံကိန်းတည်ဆောက်မှုများ အမြန် ဆုံး ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

စီမံကိန်းစတင်ရန် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ်တို့ကို အသင့်ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ပါက စက်ရုံများအတွက် ဆုံးရှုံးမှုတန်ဖိုး ကြီးမားသည့်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံအား သတ်မှတ်ရက်အတွင်း စတင် လည်ပတ်၍ သံမဏိ ထုတ်လုပ်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ သတ္တုမိုင်းများနှင့် စက်ရုံမှထွက်ရှိသည့် သံရိုင်းများနှင့်သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာ ဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထားပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ်တကျတည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ်ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်းနှင့် အခြား လိုအပ်သည် များအား လမ်းညွှန် မှာကြား ခဲ့ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းတောင်ရှုရပ်(View Point)မှတဆင့် စက်ရုံနှင့် ကုန်ကြမ်း ထုတ်ယူနိုင်မည့် နေရာများအားကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။

 အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း ၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲ ပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက် မှုရပ်ဆိုင်းထားသည်မှာ ၄ နှစ်၊ ၆ လခန့်ကြာမြင့်ပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန် တွင် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။