နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အေးသာယာစက်မှုဇုန်၊ မွေးမြူရေးဇုံရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေး၊ အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖ

Saturday, October 2, 2021 - 19:15

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အေးသာယာစက်မှုဇုန်၊ မွေးမြူရေးဇုံရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေး၊ အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် အောက်တိုဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊          ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူ ရေးဇုန်၌ ဥစားကြက်မွေးမြူထားရှိမှုနှင့် မျိူးဖောက်ဝက်မွေးမြူ ထားရှိမှုတို့ကို သွား ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ရှမ်းရိုးမမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူ ရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ မွေးမြူထုတ်လုပ်နိုင်မှု အခြေအနေနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအားလည်းကောင်း၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန နှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ညွန်ကြားရေးမှုး ဦးစိုးမင်းသူက အေးသာယာ စက်မှုဇုန်၌ စက်မှုလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊  ညောင်ရွှေ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်ကျော်ဦးက အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ဆောင်ရွက်နေမှုနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ အား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ယခု အေးသာယာစိုက်ပျိုးမွေးမြူရေးဇုန်ကို နိုင်ငံတော်၏ သားငါးကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ယခင်တပ်မတော်အစိုးရလက်ထက်၌ မိမိ ကိုယ်တိုင်လမ်းညွှန်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံ သည့် စက်မှုလုပ်ငန်းများလုပ်ဆောင်နိုင်ရေးအတွက် အေးသာယာစက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှု လျော့နည်းသွားစေရန်အတွက် နို့စားနွား မွေးမြူရေးကို ဆောင်ရွက်ကြရန် ဦးစွာရည်ရွယ်ခဲ့သော်လည်း ဒေသခံများပိုမို စိတ်ဝင်စားသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သို့သော်လည်း စက်မှုဇုန်နှင့် မွေးမြူရေးဇုန်ကို ယခုထက်ပိုမို အောင်မြင်စွာဆောင်ရွက်နိုင်ရန် မျှော်မှန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက်ဇုန်၏ မူလရည်ရွယ်ချက်ဖြစ်သည့် နို့စားနွား မွေးမြူရေးလုပ်ငန်းအပြင် အခြားအသားငါးနှင့် စိုက်ပျိုးရေးထုတ်ကုန် များကိုလည်း အောင်မြင်စွာ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေး တိရစ္ဆာန်အစာထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ဖွဲ၊ ဆန်ကွဲ၊ ပြောင်း၊ ပဲဖက် နှမ်းဖတ်တို့ကို ဒေသတွင်း လုံလောက်စွာစုဆောင်းရရှိနိုင်ပြီး ဓာတုဗေဒ ဆေးများ ကို ထည့်သွင်းရောစပ်မှုများ မလုပ်ဆောင်ကြရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးထွက်ကုန်များကို စက်မှုဇုန်မှတစ်ဆင့် အဆင့်မီပြီး အရည်အသွေး ပြည့်ဝသည့် ကုန်ချောများထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက် အပြင် ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန်အတွက်လည်း ဟဲဟိုးလေဆိပ် အားအဆင့် မြှင့်တင်ရန်ဆောင်ရွက်ထားရှိပြီးသား ဖြစ်သည့်အတွက် အေးခဲအသားငါးနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပို့ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ဒေသတွင်း ရေခံမြေခံကောင်းများကို စီးပွားရေးအရ တွက်ချေကိုက်ပြီး နိုင်ငံအတွက် အကျိုးရှိစေရန် လက်တွေ့ကျကျ အသုံးချနိုင်ရမည်ဖြစ်ကြောင်း။

ဇုန်တစ်ခုကို ဖော်ဆောင်ရာတွင် ဘေးကင်းလုံခြုံမှု (Safety) များစွာကို စဉ်း စားပြီး လုပ်ဆောင်ရမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း မည်သည့် လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ ရေရရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်သည့် အတွက် ဘက်ပေါင်းစုံမှတွက်ချက်ဆောင်ရွက်ကြစေလိုကြောင်း၊ SME နှင့် ပတ်သက်၍ ဒေသထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းကို လုပ်ဆောင်ကြစေလိုကြောင်း၊ အားပေးရန်လည်း လိုအပ် ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင် ရမည်ဖြစ်ပြီး ပစ္စုပ္ပန်တွင် ရှိနေသည့် မိမိတို့က ထိန်းသိမ်း ဆောင်ရွက်မှသာလျင် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ အင်းလေးဒေသအပါအဝင် နိုင်ငံအဝန်း စိမ်းလန်းစိုပြေစေရေးအတွက် ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကျဲခြင်းများကိုလည်း တပ်မတော်မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း။

အင်းလေးကန်နှင့် ပတ်သက်ပြီး အင်းလေးကန်သည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သကဲ့သို့ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားသည်လည်း ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှား ကျော်ကြားသည့် သာသနာ့အမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ ထူးခြားချက်အနေဖြင့် လှေလှော်ရာတွင် လက်ဖြင့်သာမက ခြေထောက်ဖြင့်ပါ လှော်ခတ်နိုင်ကြသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားမှုရရှိထားကြောင်း၊ အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံးလွှမ်းမှု ပမာဏ လျော့နည်းလာသည် ကိုသတိပြုကြရန်လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာ ပေါ်တွင်နေထိုင်သည့် လူဦးရေ ပမာဏထပ်မံတိုး မြင့်မှုမရှိစေရေးနှင့် ရေပေါ်မှ တစ်ဆင့် ရေစပ်၊ ရေစပ်မှတစ်ဆင့်ကုန်းပေါ်သို့ တဖြည်းဖြည်း ရွှေ့ပြောင်း နေထိုင်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျောလုပ်ကိုင်မှုများကိုလည်း လျှော့ ချရမည်ဖြစ်ကြောင်း၊ ပလပ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ ပင်လယ်ပြင်များတွင်ပါ များပြားလာလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာဝ သယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် အင်းလေး ဒေသခံများ၊ အုပ်ချုပ်သူအဖွဲ့အစည်းများနှင့် လုပ်ငန်းများက ဝိုင်းဝန်းပူးပေါင်း ထိန်း သိမ်းကြရန် မှာကြားလိုကြောင်း၊ ယခင် အင်းလေးဒေသသို့ မိမိလာရောက်ခဲ့စဉ် ဒေသခံများ၏ တင်ပြချက်အရ အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးကိုလှူဒါန်းခဲ့ပြီး ယခုတင်ပြချက် များအရ အကျိုးရှိစွာ အသုံးချ လျက် ရှိသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ စက်ကို ရေရှည်အသုံးပြုနိုင် ရေး အတွက် စက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် စက်သုံး ဆီလိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဒိုက်၊ ဗေဒါများမှတဆင့် မြေဩဇာထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ဆောင်ပေး ရမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖြည့်ဆည်း ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိသည့် အဓိကရေဝင်ပေါက် ချောင်းကြီးချောင်းငယ်များ မတိမ်ကောစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ဒေသခံများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်းရှိ ဒေါက်တာစိုင်းလုံ၏ ဥစားကြက် မွေးမြူရေးခြံနှင့် Farm Myanmar Co,Ltd မှ လုပ်ဆောင်လျက်ရှိသည့် မျိူးဖောက် ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေး ဖောင်တော်ဦး စေတီတော်မြတ်ကြီး သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး စေတီတော် မှတ်တမ်း စာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပူဇော်သည်။ ထို့နောက် ဘက်စုံ အလှူငွေ များကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

၎င်းနောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး စိန်နှင့်မြကျောင်းတိုက်အတွင်း၌ ဖောင်တော်ဦး စေတီတော်မြတ်ကြီးဆရာတော် ဘဒ္ဒန္တ ဝိဇယနှင့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် အင်းလေးဒေသနှင့် စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးကန်အတွင်း စက်လှေများဖြင့် လှည့် လည်၍ အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။