စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံတတ်သည့် တပ်မတော်၏ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်
နေပြည်တော်၊ အောက်တိုဘာ ၁
တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်းအဆင့်လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံ မှစ၍ ဖိနပ်ကြိုးစည်းသည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စား ဆင်ယင်မှု၊ စားသောက်မှု ပုံစံ များအားလုံး စည်းကမ်းစနစ်တကျရှိနေခြင်းသည် စစ်သားကောင်း တစ်ယောက်၏ အလေ့အကျင့်ကောင်းများပင်ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်းစနစ်တကျရှိအောင် နေထိုင် ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြား ရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့်် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍတို့ကို သိရှိနားလည်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အနှစ်သာရ ပင်ဖြစ်ပြီး ရွေးကောက်ပွဲ၌ မသမာသောနည်းလမ်းများဖြင့် အနိုင်ရရှိရန် လုပ်ဆောင်မှုများကို မည်သည့် နိုင်ငံမျှ လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိလာသည့် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှတဆင့် ဥပဒေပြုရေး ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာတို့တွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ခေါင်းဆောင်များကို မိမိတို့ကိုယ်စား ဆန္ဒမဲပေးရွေးခြယ်ပေး ကြရသည် ဖြစ်သည့် အတွက် မှန်ကန်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မသမာ သော နည်းလမ်းများအသုံးပြု၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိလာသူများသည် ပြည်သူ့ ကိုယ်စားလှယ် အစစ်အမှန် မည်သို့မျှဖြစ်နိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးရန် မည်သို့ပင် ပြောဆိုခဲ့ သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်းမရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ကာ နိုင်ငံတော်၏အာဏာကို မတရားသော နည်းလမ်းဖြင့်အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ ရခြင်းဖြစ်ကြောင်း။
တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ မိမိတို့တပ်မတော်သားများ၏ အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အတွက် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်နေကြရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် တစ်ဦးချင်း နေ့စဉ် ထမ်းဆောင်ရသည့် တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် အရည်အချင်းမြှင့်တင်ပေးရန်အတွက် လေ့ကျင့် ရေးဆိုင်ရာနှင့် ပညာရပ်ပိုင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်း၊ အဆင့်လိုက်လုပ်ဆောင်ရမည့် တာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်နေခြင်း သည် စစ်စည်း ကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သည် စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းကပင် စည်းကမ်း ကောင်းမွန် ပြီး အမိန့်နာခံမှုကောင်းသည့် တပ်မတော်တစ်ရပ်ဖြစ်ပြီး စစ်စည်းကမ်းသည် တပ်မတော် ၏ ကျောရိုးပင်ဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ မည်သည့်တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင်အသင့် (Fit for Fight, Ready for Fight) ဖြစ်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လေ့ကျင့်သားပြည့်ဝအောင် လုပ်ဆောင်နေကြရ မည်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့တစ်ဦးချင်း၏ အသိပညာ၊ အတတ်ပညာ ကြွယ်ဝစေရေးအတွက် မိမိ ဘဝကိုတိုး တက်စေနိုင်သည့် စာအုပ်စာပေဗဟုသုတများကို လေ့လာမှတ်သားရမည်ဖြစ်ပြီး မိမိလုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည်မှန်သမျှကို သိရှိအောင် အမြဲကြိုးစားနေရမည်ဖြစ် ကာ ပိုမိုကောင်းမွန်အောင်လုပ် ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသား စု ဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးတို့ကို သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေး ထားပြီးဖြစ် သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်နှင့် စွမ်းရည်သုံးရပ်ထက်မြက်နေအောင် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့်လည်း ညီညွတ်မျှတပြီး ကျောသားရင်သားမခွဲခြားသည့် ခေါင်း ဆောင်မှုရှိရမည်ဖြစ်ကာ လက်အောက်ငယ်သားများ၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်သည်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ လက်အောက် ငယ်သားများကလည်း မိမိတို့၏ လိုအပ်ချက်များကို မှန်မှန်ကန်ကန် သတင်းပို့တင်ပြရမည် ဖြစ်ကာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း မှန်ကန်မြန်ဆန်စွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။
တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာသင်ကြားရေးပိုင်းတွင် နောက်ကျ နေ၍ မရဘဲ ပညာတတ်လူသားအရင်းအမြစ်များ အမြဲမပြတ်ပေါ်ထွက်လာရန်လိုအပ်သည့် အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများ သုံးဦးသုံးဖက် နစ်နာမှုမရှိစေရန် ပြန်လည် ဖွင့်လှစ်သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပေါ်မှု အခြေအနေများကြောင့် ပြန်လည်ပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အုပ်ချုပ်သူအဖွဲ့အစည်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုတို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ရောဂါကူးစက်ဖြစ်ပွား မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့ သည်အထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွား မှုနှုန်းကို မျှော်မှန်း ထားသည့် အတိုင်းအတာ တစ်ခုအထိလျော့ကျလာမှသာလျင် ပညာရေးအပါအဝင် အခြား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် ကူးစက်ဖြစ်ပွားမှု နှုန်းကို ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဦး ချင်း စည်းကမ်းလိုက်နာမှုမှ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက် ထိုမှတစ်ဆင့် တပ်မတော် တစ်ရပ်လုံး ရောဂါကူးစက်မှုနှုန်းလျော့ကျလာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံတော် တစ်ရပ်လုံး အတိုင်းအတာအထိ ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် တစ်ဦးချင်း ကိုယ်စီအသိ စိတ်ဓာတ်များဖြင့် ဝိုင်းဝန်းထိန်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက် များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီး က လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ် အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အိမ်ထောင်သည် လိုင်းခန်းများ အဆင့်မြှင့်တင်ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။