တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

Friday, October 1, 2021 - 14:00

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်(၅၅)နှစ် အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိပြည်သူများစသည့်  ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့၌ ၉၀၅ ဦး၊ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းခတ်မြို့တို့၌  ၁၇၄၅ ဦး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ ၅၀၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ၃၁၉၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ်(၁၆)မြို့နယ်တို့၌ ၈၀၃၄ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ ၅၀၉၆ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ကင်းတော်ကျေးရွာ ၌ ၉၀ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်အတွင်း၌ ၁၄၁၅၀ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။