(၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ (15th AMMTC)ဆက်စပ်အစည်းအဝေးများ သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ ၃၀
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း(APSC)မဏ္ဍိုင်မှ (၁၅)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC) ၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရုဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် Video Conferencing ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေးနွေးဘက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ AMMTC ခေါင်းဆောင်/ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့်ရုံး အဖွဲ့များ တက်ရောက်ပါသည်။
မြန်မာနိုင်ငံမှ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက နေပြည်တော်၊ ရုံးအမှတ်(၈)၊ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ 15th AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းနိုင်ငံ စံတော်ချိန် ၀၉၀၀ နာရီမှ ၁၀၀၀ နာရီအထိ တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ၁၀၁၅ နာရီမှ ၁၁၀၀ နာရီအထိ တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံနှင့် လည်းကောင်း၊ ၁၁၃၀ နာရီမှ ၁၂၃၀ နာရီအထိ ဂျပန်နိုင်ငံနှင့် လည်းကောင်း၊ ၁၃၃၀ နာရီမှ ၁၄၃၀ နာရီအထိ ကိုရီးယားနိုင်ငံနှင့်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးများတွင် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှုများတိုက်ဖျက်ရေး၊ ဆွေးနွေးဘက်နိုင်ငံများမှ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ငွေကြေး၊ နည်း ပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ထောက်ပံ့အကူအညီပေးရေးအစီအစဉ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတွင် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
8th AMMTC + China ညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဌာန၊ အမြဲတမ်းဒုတိယဝန်ကြီး Mr. Du Hangwei (မစ္စတာ တုဟန်းဝေ)တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒေသတွင်း သမားရိုးကျမဟုတ်သည့် လုံခြုံရေးကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံရှိ တရားဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့အစည်းများအကြား ထိရောက်လျှင် မြန်စွာချိတ်ဆက်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် Focal Point တစ်ခု ထူထောင်ရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော်ရေး၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် ငွေကြေးစီးဆင်းမှုများ တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုသည် အာဆီယံဒေသအပေါ် ထိခိုက်မှုရှိသည့်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးပူးပေါင်း ဆောင်ရွက် မှုများကို ပိုမိုမြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးမှုနှင့် ဆိုက်ဘာမှုခင်းများသည် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာထိခိုက်မှုများ ဖြစ်ပေါ်နေ၍ တားဆီးနှိမ်နင်းရေးတွင် လုပ်ငန်းစွမ်းရည်မြင့်မားစေရေး၊ တရားစီရင်ရေးဆိုင်ရာကဏ္ဍတွင် အပြန် အလှန်အကူအညီပေးရေး၊ မှုခင်းသတင်းအချက်အလက်ဖလှယ်ရေးတို့တွင် နိုင်ငံအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
11th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများ)အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံတော် လုံခြုံရေးဗဟိုကော်မတီဥက္ကဋ္ဌ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။ ၎င်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ယခုအခါတွင် Telecom Fraud နှင့် Online Gambling တို့သည် နိုင်ငံတစ်နိုင်ငံထက်ပို၍ ဖြန့်ကျက်လာနေသည်ကို သတိပြုတွေ့ရှိရပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း သဘောသဘာဝရှိလာသော Telecom Fraud, Online Gambling တို့နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် + ၃ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမားများအပါအဝင် အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုကို ကြိုတင်သိရှိ ဟန့်တားနိုင်ရေးအတွက် ကုသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၃၉၆) ပါ တိုက်တွန်း ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း လူပုဂ္ဂိုလ်ကိုယ်တိုင်တက်ရောက်သည့်စနစ်ဖြင့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 12th AJCTD ၌ ဆွေးနွေးမှုများပြုလုပ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊ အာဆီယံ + ၃ လုပ်ငန်း နယ်ပယ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီမံချက်များအောင်မြင်အောင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
15th AMMTC နှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ညှိနှိုင်းအစည်းအဝေးများတွင် 8th AMMTC + China, 6th AMMTC + Japan, 2nd AMMTC + Korea နှင့် 11th AMMTC + 3 (China, Japan, Korea) တို့၏ ဝန်ကြီးအဆင့် အစည်းအဝေးပူးတွဲကြေညာချက်များအား အတည်ပြုခြင်း၊ နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးနယ်ပယ်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့၏ အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အိမ်ရှင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ AMMTC ခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီး နှင့် နိုင်ငံတော် လုံခြုံရေးဗဟိုကော်မတီဥက္ကဋ္ဌ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof နှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘော ဒီးယားနိုင်ငံ AMMTC ခေါင်းဆောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Samdech Krolahom Sar Kheng (ဆမ်ဒက်ကရိုလာဟွန်ဆာကျန်)တို့က အမှာစကားများပြောကြား၍ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။