မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်၊ ကလေးမြို့သို့ အောက်ဆီဂျင်စက်များ ရောက်ရှိ တပ်ဆင် လည်ပတ်နေမှုများအား သွားရောက်ကြည့်ရှု
နေပြည်တော်၊ စက်တင်ဘာ - ၂၉
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေကျပ်သိန်း ၂၀ ၊ ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများတို့ကို ပေးအပ် ခဲ့ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကလေးဝမြို့နယ်၊ မဟာမြိုင်တောရသဲဖြူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာဇောတနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အောက်ဆီဂျင်စက်ရုံ စတင်ထုတ်လုပ်လည်ပတ်နေမှုများနှင့် ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ပင်လုံတပ်ဦးပရိယတ္တိစာသင်တိုက်တွင် ကလေးမြို့၊ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများက စုပေါင်းလှူဒါန်းထားသည့် အောက်ဆီဂျင်စက် ရောက်ရှိမှုနှင့် တပ်ဆင်လည်ပတ်ထုတ်လုပ်နေမှုများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။