ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃ ဦးအား နိုင်ငံတော်အစိုးရက ကူညီ ခေါ်ဆောင်၊ ကျန်ရှိနေသူများအား ထပ်မံခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

Wednesday, September 29, 2021 - 15:30

ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ဦးအား နိုင်ငံတော်အစိုးရက ကူညီ ခေါ်ဆောင်၊ ကျန်ရှိနေသူများအား ထပ်မံခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂၉

          ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင် ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အစည်းအဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။

          ထိုသို့ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပရောက်မြန်မာနိုင်ငံသားများအား  နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ မလေးရှားနိုင်ငံသို့ ရောက်ရှိေနပြီး ငွေကြေးလိမ်လည်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်တင်ဘာ ၆ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။

          အလားတူ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၆ ဦးသည်လည်း မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်‌ရေးအတွက် တရားမဝင်လမ်းကြောင်းဖြင့် ဆက်သွယ် ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်းခံခဲ့ရသဖြင့် အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များမှတစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ စစ်သံ (ကြည်း၊ရေ၊ လေ) ရုံးသို့  စက်တင်ဘာ ၁၃ ရက်နေ့တွင် ဆက်သွယ်လာခဲ့သည်။

ထိုသို့ ဆက်သွယ်လာမှုကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါမြန်မာနိုင်ငံသား ၆ ဦးထံမှ ငွေကြေး လိမ်လည်သွားခဲ့သူအား ဖမ်းဆီးရမိရေး မလေးရှားနိုင်ငံ ရဲသတင်းတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၎င်းတို့ လိမ်လည်ခြင်းခံခဲ့ရသည့် ငွေကြေးများကို ပြန်လည်ပေးအပ် ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်‌ရေး မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်‌ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံသား ၆ ဦးအနက် ၃ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း(MAI)၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ပြန်လည်‌ ခေါ်ဆောင်ပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည်ရောက်ရှိရန်ကျန်ရှိသူ ၃ ဦးအား အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရေး လိုအပ်သည့်ညှိနှိုင်းမှု၊ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

          နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေသူများကို လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိ သည်။