နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ် စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည်မှာ ၈ လတာ ကာလပြည့်မြောက် တော့မည် ဖြစ်ကြောင်း၊ တာဝန်ယူပြီးချိန်နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများ မျိုးစုံဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအကြပ်အတည်းဖြစ်ပေါ်ခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ဥပဒေအရဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်၏အာဏာအား ဆက်လက်ရယူရန် အဓမ္မနည်းဖြင့်ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ သောအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏အရေးပေါ်အခြေအနေ ကြေငြာပြီးနောက်ပိုင်းတွင် ဥပဒေအရရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်သည့် အခြေအနေများ ရှိခဲ့ကြောင်း၊ မဲမသမာမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အနေဖြင့် ဥပဒေအရ အရေးယူခံရနိုင်သော်လည်း ရွေးချယ်ခံကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ် အဖြစ်မှပျက်ပြယ်မှုသာရှိကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံတစ်ခု အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အဆိုပါအချက်အားမျက်ကွယ်ပြု၍ မသင့်တော် သည့်နည်းလမ်းဖြင့် အနိုင်ရရှိရေးကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဥပဒေဖြင့် မလျော်ညီဘဲ ဆောင်ရွက်ခဲ့မှုကြောင့် ဖယ်ရှားခံရသူများက ဥပဒေဖြင့်ဖြေရှင်း ဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ကို ၎င်းတို့ရွေးချယ်ခြင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ နည်းလမ်းနှင့် ဆောင်ရွက်ခြင်းကိုသာလိုလားကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကိုလေးစားကြောင်း၊ သို့သော် စည်းကမ်းနှင့်ညီညွတ်ရန်လိုပြီး “လူညီလျှင် ဤကိုကျွဲဖြစ်သည်” ဆိုသော်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဆောင်ရွက်၍ မရကြောင်း၊ ဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက်ခြင်း များသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ထံမှသင်ခန်းစာယူ၍ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကို လိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထကို ရစေချင်ကြောင်း၊ လူအများစု၏ ဆန္ဒဆိုပြီး ဥပဒေ နှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍မရကြောင်း၊ မိမိတို့နှင့် မိမိတို့မွေးထုတ်လိုက်သည့် မျိုးဆက်များ တွင် မကောင်းသောအကျင့် မပါသွားရန်လိုကြောင်း။
ယခုအခါ CRPH, NUG စသည့်အဖွဲ့အစည်းများ ပြောဆိုဆောင်ရွက်နေ သည့်ကိစ္စရပ် များသည် အကြမ်းဖက်လမ်းစဉ်ကို ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်နေသည့် EAO များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက် နည်းလမ်းများ၊ သွယ်ဝိုက်နည်းလမ်းများဖြင့် ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ NUG နှင့်ဆက်စပ်အဖွဲ့များသည် ဒီမိုကရေစီနည်းအရ နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းမွန်ရာ ကောင်မွန်းကြောင်း တိုက်တွန်းပြောဆိုနေမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်သာ တိုက်တွန်းပြောဆို၍ နိုင်ငံပျက်စီးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လျှောက် လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်မသွားဘဲ ကာကွယ်ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စာရင်းဇယားအရ လူဦးရေ ၅၅သန်းခန့်ရှိကြောင်း၊ ရပ်ကွက် အုပ်ချုပ် ရေးမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထိ အဆင့်ဆင့်အုပ်ချုပ်ရေးဆိုင်ရာဌာနများ တွင် နိုင်ငံတော်၏လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများရှိ ကြောင်း၊ အဆိုပါအဖွဲ့များအားလုံးသည် နိုင်ငံတော်၏ လစာကိုရယူနေရသူများဖြစ်သဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းများနှင့်အညီ မှန်မှန်ကန်ကန်လုပ် ဆောင်ရန်လိုကြောင်း၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ပြီး ဥပဒေပြင်ပသို့ရောက်ရှိသွားသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ထိုကဲ့သို့ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်အတွက် စိတ်ရှည် သည်းခံစွာဖြင့် မိမိတို့၏ သဘောထားများအား ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ လက်ရှိဥပဒေအတွင်းတာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုအောက်တွင် မှန်မှန်ကန်ကန်ဖြင့် နိုင်ငံအပေါ် သစ္စာရှိစွာ တာဝန်ထမ်း ဆောင်ရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံးအား ဆန္ဒမဲပေးပိုင်ခွင့်ပေးထားပြီးနိုင်ငံရေးအရလွတ်လပ်ခွင့်ပေးပြီးဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် ဝန်ထမ်း တာဝန် မရောရန်လိုကြောင်း။
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ဇူလိုင်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ရောဂါ ဖြစ်ပွားမှု နှုန်းများကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲ မှုသည် မြန်ဆန်မှုရှိသဖြင့် ပေါ့ဆနေ၍မရဘဲ အဆိုးဆုံးအခြေအနေအထိ မျှော်တွေး၍ ဆက်လက်ပြင်ဆင်ဆောင်ရွက်ထား ကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အချို့မြို့နယ်များ အား Stay at Home သတ်မှတ် ထားမှုများအား ဖြေလျှော့ပေးပြီး အချို့လိုအပ်သည့် မြို့နယ်များအား သတ်မှတ်မှုများတိုးမြှင့်ဆောင်ရွက်မှုရှိကြောင်း၊ ကူးစက်မှုများအားသိရှိစေရေး အတွက် စစ်ဆေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ထားသည့် SOP များကိုလိုက်နာ၍ နေထိုင်သွားလာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကူးစက်မှု ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက်ရရှိရေးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ စတုတ္ထလှိုင်းဖြစ် ပွား လာနိုင်မှုအပေါ်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့် သွားလာမှုစည်းကမ်းများကိုလည်း တစ်ဦးချင်းလိုက်နာကြရန် လိုကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆေးရုံများ၊ ဆေးခန်း များတွင်လည်း ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေး နှင့်ပတ်သက်၍လည်း ဇူလိုင်လအတွင်းအမြင့်ဆုံးအသုံးပြုခဲ့သည့် ပမာဏထက်ကျော်လွန်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆေးရုံများတွင် ICU ခန်းများပြင်ဆင်ခြင်းနှင့် လိုအပ်သည့်ဆေးပစ္စည်းများအား ဝယ်ယူစုဆောင်းထားရမည်ဖြစ်ကြောင်း၊ ကုသဆေးနှင့် ကာကွယ်ဆေးများကိုလည်း ပြည်ပမှဝယ်ယူနေရခြင်းထက် ပြည်တွင်း၌ လုံလောက် စွာထုတ် လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးထားဆောင်ရွက် ကြစေလို ကြောင်း၊ တိုင်းရင်းဆေးအနေဖြင့်လည်း ဆေးခါးကြီးကိုအခြေခံ၍ ကာကွယ်ဆေးနှင့် ကုသဆေးတို့ ထုတ်လုပ်ရေးလုပ်ငန်းများတိုးတက်ရေးအတွက်လည်း အမြဲမပြတ်ဆောင်ရွက် သွားကြရန်လိုကြောင်း။
စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ဇူလိုင်လအထိ ဘတ်ဂျက်ကာလ ၁၀ လအတွင်းပို့ကုန် ၁၁ ဒသမ ၈၉၂ ဘီလီယံရှိပြီး သွင်းကုန် ၁၂ ဒသမ ၂၆၀ ဘီလီယံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ၂၁ ဒသမ ၁၅၃ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ ၃၆၈ သန်းခန့်ရှိကြောင်း၊ ၂၀၁၉ -၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှု ၂၂ ဒသမ ၃၈ ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ရခြင်းမှာ စားအုန်းဆီနှင့် ဘိလပ်မြေများအား ပိုမိုတင်သွင်းခဲ့ရပြီး ပြည်ပပို့ကုန်များဖြစ်သည့် ငါး၊ ပုစွန်နှင့် ဆန်များ တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ တွင် ပြည်ပ မှစားအုန်းဆီတန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘက်ဂျက်တွင်တန်ချိန် ၃၇၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ တွင်တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ တွင်တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ်တွင် စက်တင်ဘာလ ၁၇ ရက် အထိတန်ချိန် ၇၉၀၀၀၀ ခန့်အသီးသီးတင်သွင်းခဲ့ရသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုနှင့်ပတ်သက်၍ စနစ်တကျခြိုးခြံသုံးစွဲကြရန်လိုအပ်သည်ကိုတွေ့ရှိရကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြောရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် တောင်သူ များ၊ ကုန်ထုတ်လုပ်သူများအားလုံး စိတ်ချမ်းသာစွာ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများက ဘက်ပေါင်းစုံမှဆောင်ရွက်ကြရန် လိုကြောင်း၊ စိုက်ပျိုးရေးတောင်သူများအား ပညာပေးခြင်းများ၊ အားပေးခြင်းများ ဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အတူ ပြည်တွင်းဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းများမှ ဘိလပ်မြေ ထုတ်လုပ်မှုများအား စွမ်းအားပြည့်လည်ပတ်၍ ပြည်ပမှဘိလပ်မြေတင်သွင်းမှုများ ကိုလျှော့ချ နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဆန်များကိုလည်း ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်နိုင် မှသာ နိုင်ငံခြားဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးချင်းတူပါက အရည် အသွေးကောင်းရမည်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရမည် ဖြစ်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်း တို့သည် မိမိတို့နိုင်ငံ၏ အဓိကပြည်ပပို့ကုန်များဖြစ်ကြောင်း၊ ကုန်ချောအဖြစ် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများပိုမိုရရှိမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးသည် အရေးကြီးကြောင်း။
လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအတွင်း ယခုနှစ် ဩဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပ နိုင်ငံများမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း၊ ထိုသို့သုံးစွဲလျက်ရှိသည့် စက်သုံးဆီ များ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့် ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန်လိုသကဲ့သို့ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှုလျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက် ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားအသုံးပြုမောင်းနှင်ရသည့် ဘတ်စ်ကားများနှင့်အိမ်သုံး မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ရန်လိုကြောင်း၊ အချို့နိုင်ငံများတွင် လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်များအား စတင်သုံးစွဲလျက်ရှိကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြန်လည် ပြည်ဖြိုး မြဲစွမ်း အင်များဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေးများ ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ များစွာရှိကြောင်း၊ အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအားအသုံးချ၍ စက်သုံးဆီသုံး စွဲမှုအား လျှော့ချနိုင်ရေး မဖြစ်မနေ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာများသုံးစွဲရပြီး အဆိုပါဓာတ်မြေဩဇာများ အား ပြည်ပမှတင်သွင်းနေရကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေဩဇာများလုံလောက် စွာရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဓာတ်မြေ ဩဇာထုတ်လုပ်ရေးစက်ရုံမှ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး ကျွဲ၊ နွား၊ ကြက် များအား မွေးမြူကြ ကြောင်း၊ အဆိုပါမွေးမြူရေးလုပ်ငန်းများအား စနစ်တကျမွေးမြူ၍ ၎င်းတို့၏ စွန့်ပစ်ပစ္စည်း များမှတစ်ဆင့် သဘာဝဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း။ ထို့ကြောင့် မွေးမြူရေးဆောင်ရွက်သူများ စနစ်တကျဖြင့် မွေးမြူစေရေးအတွက် အသိပညာ ပေးမှု များ ဆောင်ရွက်ပေးရန်လိုကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နိုင်ငံရေးအခြေအနေအား အခွင့်ကောင်းယူ၍ မူးယစ် ဆေးဝါးထုတ်လုပ်သူများအနေဖြင့် မူးယစ်ဆေးဝါးများအား နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာလအထိ မူးယစ်ဆေး ဝါးဖမ်းဆီးရမိမှုအနေဖြင့် စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး ဖမ်းဆီးရမိမူးယစ်ဆေးများအနေဖြင့် WY ဆေးပြားပေါင်း ၁၂၈ သန်း၊ အိုက်စ် ၁၁၁၉၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၄၅၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၂၂၇ ကီလိုဂရမ်၊ ကတ်တမင်း ၅၄၇ ကီလိုဂရမ်၊ ကိုကင်း ၇၄ ကီလိုဂရမ်နှင့် အခြားပစ္စည်း ၁၉၇၈၆၉ ကီလိုဂရမ် စုစုပေါင်း တန်ဖိုးငွေကျပ် ၅၀၆ ဒသမ ၉၇ ဘီလီယံရှိကြောင်း၊ ထို့ကြောင့်မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော် အနေဖြင့် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရန်လိုကြောင်း၊ ဖမ်းဆီးရမိမှုများသည် မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်မှုရှိနေသည်ကို ပြနေကြောင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ကြီးစိုးသည့်နေရာများဖြစ်ကြောင်း။
အခွန်အကောက်ရရှိရေးနှင့်ပတ်သက်၍ တိုင်းပြည်၏ဝင်ငွေသည် အခွန်ငွေများဖြစ် ကြောင်း၊ ထို့ကြောင့်လျှပ်စစ်မီတာခများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ ကောက်ခံလျက်ရှိသည့် အခွန် အကောက်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ထမ်းလိုသည့်စိတ်ရှိပြီး ပေးသင့်ပေးထိုက်သည့်အခွန်များပေးဆောင်လိုသည့် အသိများရှိ ရန်လိုကြောင်း၊ တစ်ဖက်တွင်အခွန်ငွေများ လျှော့ချပေးထားသော်လည်း ရသင့်ရထိုက်သည့် အခွန်များရရှိစေရေး စနစ်တကျကောက်ခံရန်လိုကြောင်း၊ အခွန်ငွေများရရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုတိုးတက်မှသာ နိုင်ငံတည်ငြိမ်အေးချမ်းမည်ဖြစ် ကြောင်း။
ပြည်သူများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ် ရန်အတွက် ပြည်သူများအနေဖြင့် အသိစိတ်ရှိရှိဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများမှလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်း၏ Mind Set များ ကောင်းမွန်စေရေးအတွက် သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ် အောင်ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ များစည်းကမ်းလိုက်နာမှု ရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် ပြုပြင်ရန်လိုအပ်သည့် ကဏ္ဍများစွာရှိနေသေးသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆီဝယ် ယူတင်သွင်းမှု ပမာဏအရ ပြည်တွင်းထွက်စာသုံးဆီမပါ အရွယ်ရောက်သူတစ်ဦး အနေဖြင့် တစ်နှစ်ဆီစားသုံး မှုမှာ ၁၀ပိသာကျော်ခန့်ရှိသည်ကို တွက်ချက်မှုများအရ သိရှိရသဖြင့် တစ်ဦးချင်းဆီစားသုံးမှု များကို လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံးမှုများရှိရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှုများကိုလျှော့ချ နိုင်မည် ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကိုလျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ဆီစားသုံးမှုလျှော့ချရေးအတွက် ပြည်သူများအား အသိပညာပေးသည့် လုပ်ငန်း များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း။
မြေယာစီမံခန့်ခွဲမှုမူဝါဒနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းများတွင် မြေနေရာရယူထား သူများ အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ နှစ်အလိုက်စိုက်ပျိုးရမည့် သတ်မှတ်ချက်များရှိကြောင်း၊ သို့သော်လည်း စိုက်ပျိုးမြေများကို ခွင့်ပြုချက်မရှိဘဲ အခြား နည်းလမ်းများဖြင့် တရားမဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ရန် မြေနေရာများ ဖော်ဆောင်ရာတွင် မြေနေရာ ရယူထားသူများအနေဖြင့် မြေပြင် တွင် အမှန်တကယ် ဆောင်ရွက်မှုမရှိသည်ကို တွေ့ရကြောင်း၊ မြေနေရာ ရယူထားသူများ အနေဖြင့် မြေယာဥပဒေနှင့် မူဝါဒများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက မှန်မှန်ကန်ကန်ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်၏ စိုက်ပျိုးမြေဧကလျော့ကျမှုမရှိစေရန်အတွက် တာဝန်ရှိသူများက မြေယာစီမံခန့်ခွဲ မှုများ ကို စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြေကိုတန်ဖိုးထားပြီး အကျိုးရှိအောင် ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်ကြောင်း၊ နိုင်ငံအတွင်းရှိ မော်တော်ကားလမ်းများ၏ လမ်းနယ်နိမိတ်အကျယ်အဝန်းကို အတိအကျ သတ်မှတ်ပေးထားကြောင်း၊ လမ်းနယ်နိမိတ်များ အတွင်း ကျူကျော်ဝင်ရောက်မှုများ မဖြစ်စေရန် တာဝန်ရှိသူများက စနစ်တကျကိုင်တွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တိုင်းရင်းသားဒေသများနှင့်ပတ်သက်၍ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ တိုင်းရင်းသား များ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖော်ဆောင်ပေး ရမည်ဖြစ်ကြောင်း၊ ထို့အတူ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ရုပ်လုံးပေါ်အောင် ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်အစိုးရအပေါ် ယုံကြည်မှုရှိလာမည် ဖြစ်ကြောင်း၊ သို့မှသာ တည်ငြိမ်းအေးချမ်းပြီး သာယာ၀ပြောသည့် နိုင်ငံ တစ်နိုင်ငံ တည်ဆောက် နိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များစုပေါင်းပြီး ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းထားကြောင်း၊ သို့ဖြစ်၍ ပြည်သူအားလုံး သာတူညီမျှ၊ အေးအတူပူအမျှ ရရှိခံစားရမည် ဖြစ်သောကြောင့် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေ၊ မြေ၊ သဘာဝ သယံဇာတများနှင့် အတတ်ပညာများရှိသည့်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပါက ၅ နှစ် အတွင်း အာဆီယံတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုကြိုးစား ပက ၁၀ နှစ်အတွင်း အာဆီယံတွင် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အစိုးရသည် ပြည်သူလူထုအတွက် အရိပ်ဖြစ်သဖြင့် အစိုးရ၏အရိပ်အောက်တွင် ပြည်သူများ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အစိုးရအနေဖြင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ် လုံး၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေပါ စီမံကိန်းလုပ်ငန်း များကို အကျိုးရှိရှိ ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရသည်။